နေပြည်တော် ဇန်နဝါရီ ၂၈

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ယနေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အတွင်းရေးမှူးစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်များစွာ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင် စသည့် အဆင့်ဆင့်၏ အားနည်း ချက်များကို မီဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြပြောဆိုမှုများရှိကြောင်း၊ အများစု သည် သတင်းမှန် အနည်းငယ်ကိုအခြေခံပြီး ပြည်သူလူထု အထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့် ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်းတွေ့ရှိပါက ထိရောက်စွာ အရေးယူ သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာအရေးယူ သွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်းရှိနေကြောင်း၊ အလားတူ ပြည်သူ့စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာ ဖော်ထုတ်၍ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း။

 

ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြိုနယ်အဖွဲ့များအနေဖြင့် ပြည်သူနှင့် ဆက်ဆံရေးကောင်းမွန်စေရန်၊ ငွေကြေးဆိုင်ရာမသမာမှုများမရှိစေရန်၊ သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရန်တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန် လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့အနေဖြင့် ပြည်သူများတင်ပြလာသည့် ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသား တိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရသတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိသူများ သတ်မှတ် ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန်လိုမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့် ရေရှည်တွင် မှတ်တမ်း ထည့်သွင်းမှုလွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် စပ်လျဉ်း၍ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များအပေါ် အကြံပြုဆွေးနွေးပေးစေ လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ဒေသအလိုက် ပြည်သူ့စစ်မှုထမ်းများစုဆောင်းရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များကို မြေပြင်တွင် အမှန်တကယ်‌ဆောင်ရွက်နေသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် တာဝန်ရှိသူများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင် ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူများသိရှိရေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သို့မှသာ အမှန်တကယ် စုဆောင်းသည့်အခါတွင် မသမာမှုများမပြုလုပ်နိုင်ဘဲ အများကလက်ခံယုံကြည်နိုင်သည့် အနေအထား တစ်ရပ်ကို ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့်အတွက် စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် စည်းကမ်းစနစ်တကျ လုပ်ဆောင်ရမည့်ကိစ္စ ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးအဖြစ် ကိုယ်တိုင်က နိုင်ငံသားကောင်းပီသစွာ တာဝန်ထမ်းဆောင် နိုင်ရေး ကြိုးစားလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အတင်းအဓမ္မ ဖိအားပေးစုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ စနစ်တကျကြိုးစား စုဆောင်းကြစေရေး အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)