နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (International Military Technical Forum) (ARMY-2024) သို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
နေပြည်တော် ဩဂုတ် ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကူဘင်ကာဒေသတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (International Military Technical Forum) (ARMY-2024) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံရုံးမှ စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (International Military Tech-nical Forum) (ARMY-2024) ဖွင့်ပွဲ အခမ်းအနားနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 
လှည့်လည်ကြည့်ရှု
ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladi-mir Putin က Video Conferen-cing ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ Army Forum 2024 ကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖိတ်ကြားထားသော ကုမ္ပဏီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာပြခန်း အသီးသီးတွင် ပြသထားသည့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်ထားရှိသည့် စစ်လက်နက်ပစ္စည်းများ၏ စွမ်းဆောင်နိုင်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် စစ်လက်နက်ပစ္စည်းများ၊ စစ်သုံးယာဉ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 
ဩဂုတ် ၁၃ ရက် နံနက်ပိုင်း၌ Army 2024 ဖိုရမ် ပြခန်းများ ခင်းကျင်းပြသထားမှုကို ဒုတိယနေ့အဖြစ် သွားရောက်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့် ခေတ်သစ်စစ်ပွဲတွင် အသုံးပြုနေသည့် သတင်းလုံခြုံမှုစနစ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Drone နှင့် Anti Drone နည်းပညာဆိုင်ရာ ပစ္စည်းများ၊ အဆင့်မြင့်ထုတ်လုပ်ထားသည့် လက်နက်/ ခဲယမ်းဆိုင်ရာ ပစ္စည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြခန်းအတွင်း ပြသထားသည့် တိုက်ခိုက်ရေးယာဉ်များ၊ စစ်လက်နက်ပစ္စည်းများ၊ UAV နှင့် Drone များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကာကွယ်ရေးဝန်ကြီး မစ္စတာ အန်ဒရီဘီလူဆော့ဗ် (Mr. Andrei Belousov) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ ပညာတော်သင် သင်တန်းသားစေလွှတ်ရေးနှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း လတ်တလောဖြစ်ပေါ်နေမှု အခြေအနေတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံအားပေး
ဩဂုတ် ၁၄ ရက်တွင် မြန်မာသံရုံးသို့ သွားရောက်ပြီး သံအမတ်ကြီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) နှင့် သံရုံးဝန်ထမ်းများ၊ စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံအားပေးနှုတ်ဆက်၍ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သံရုံး၊ စစ်သံရုံး မိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ 
ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကူဘင်ကာဒေသတွင် ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် Army 2024 ဖိုရမ်တွင် ခေတ်မီနည်းပညာဆိုင်ရာ ပြခန်းပေါင်း ၁၅၀၀ ကျော် ပြသခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဆင့် ၂၁ ဦး အပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ကာကွယ်ရေးဆိုင်ရာအဆင့်မြင့် ကိုယ်စားလှယ် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်