နေပြည်တော် ဒီဇင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် လာအို နိုင်ငံ၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ် ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူ စာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေးနှင့် အမျိုးသား ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အစည်းအဝေး ပထမနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် အမျိုးသားပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေးကော်မတီ အဆင့်မြင့် အရာရှိကြီး အဆင့် အကြိုညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံမှ ပါဝင် လက်မှတ် ရေးထိုးထားသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူ စာချုပ်ဆိုင်ရာ အကောင်အထည်ဖော်မှု ကိစ္စရပ်များ၊ သဘောတူ စာချုပ်၏ အခြေပြစာချုပ်ငယ်-၁ (GMS CBTA Protocol 1) အရ လမ်းကြောင်းနှင့် နယ်စပ်ဝင်/ထွက် ပေါက်နေရာများ ဒုတိယအကြိမ် ထပ်မံတိုးချဲ့ ရေးအတွက် နားလည်မှုစာလွှာ မူကြမ်းနှင့် ဂျီအမ်အက်စ် သယ်ယူပို့ဆောင်ရေးလုပ်ငန်း စဉ်အရ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မှုနှင့် ၂၀၂၅ ခုနှစ်အတွက် ရည်မှန်း ချက်များအပေါ် ဆွေးနွေးညှိနှိုင်းကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် ၁၃ ရက်တွင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ပူးတွဲ ကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေးကို မဟာမဲခေါင်ဒေသတွင်း နိုင်ငံများမှ ပို့ဆောင်ရေးဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ဆက်လက်တက်ရောက်ရာ အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့် အရာရှိကြီးအဆင့် ညှိနှိုင်း အစည်းအဝေး     (NTFC SOM) အစီရင်ခံစာ၊ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေး ပူးတွဲကြေညာချက်နှင့် မဟာမဲခေါင်ဒေသခွဲ နယ်စပ် ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူစာချုပ် အခြေပြစာ ချုပ်ငယ်-၁ (CBTA Protocol 1) ဆိုင်ရာ လမ်းကြောင်းနှင့် နယ်စပ်ဝင်/ထွက် နေရာများ ဒုတိယအကြိမ် ထပ်မံတိုးချဲ့ရေးအတွက် နားလည်မှု စာလွှာတို့ကို ဆွေးနွေးအတည်ပြုကြသည်။

မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့ စေရေးသဘောတူစာချုပ် (GMS CBTA) ကို ၂၀၀၃ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ၂၀၁၅ ခုနှစ်တွင် သဘောတူစာချုပ်နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်ငယ်များနှင့်အခြေပြစာချုပ်ငယ်များကို လက်ခံ အတည်ပြုခဲ့ကြသည်။ အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအခက်အခဲများကို ဖြေရှင်းရန် ဆက်သွယ် ချိတ်ဆက်မှု တိုးတက်မှုများမှ အကျိုးအမြတ်များဖြစ်သည့် ယှဉ်ပြိုင်မှုတိုးတက် လာခြင်းနှင့် ကုန်ကျစရိတ်လျှော့ချခြင်းဖြင့် ကုန်သွယ်မှုချောမွေ့ လာခြင်း၊ ကုန်သွယ်မှု၊ ခရီးသွားမှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း နှင့်     ဒေသတွင်းရှိ ပြည်သူများ၏ နေထိုင်မှု ဘဝများ တိုးတက်လာခြင်းတို့ကို ရယူရန်အတွက် အရေးပါသည့် စာချုပ်တစ်ခုဖြစ်ပြီး၊ မဟာမဲခေါင်ဒေသခွဲအတွင်း ပိုမိုကောင်းမွန်သော၊ ကြွယ်ဝပြည့်စုံသော အခြေအနေသို့ ရောက်ရှိရန်အတွက် စာချုပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ် ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည် ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတွင် မြန်မာ့အမျိုးသားလေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်