နေပြည်တော်၊ ဧပြီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar ကို ယနေ့၊ နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလား တန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်းနှင့် စပ်လျဉ်းသည့် ကိစ္စ၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ရေကြောင်းတိုင်းတာရေးနှင့် သောင်တူးဖော်ရေးကိစ္စ၊ လေကြောင်းလိုင်း တိုးချဲ့ ပျံသန်းရေးကိစ္စနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ နှစ်ဘက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်