နေပြည်တော် ဩဂုတ် ၁၆
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။
(၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စအက်စီရိ ပင်တာရူချီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗြူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘော ဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဆုပ်ချန်ဒါ ဆိုပီအာ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်း ခွန်မဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ငုယင် မင်းဟန်တို့ တက်ရောက်ကြသည်။
(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးနှင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်းဘက်စုံပေါင်းစည်း ချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တားဆီးကာကွယ်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်း ဒေသတွင်းလေထုညစ်ညမ်းမှုဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု စသည့်နယ်ပယ်များတွင် အလေးအနက် ထား ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီ က (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ယမန်နေ့ ညပိုင်းတွင် ချင်းမိုင်မြို့ရှိ အင်တာကွန်တီနင်တယ်ဟိုတယ်၌ ကြိုဆိုဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အဖွဲ့ဝင် (၆) နိုင်ငံ ပါဝင်ပြီး မဲခေါင်-လန်ချန်း ဒေသအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့သည်။
(သတင်းစဉ်)


