နေပြည်တော် ဒီဇင်ဘာ ၂၀
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHENG Manith ကိုယနေ့မွန်းလွဲ ၁နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E.Mr. Bounphieng CHANTHAVONG ကိုမွန်းလွဲ ၁နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာများတွင် ပိုမိုနီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
လာအိုနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို တည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအား အစရှိသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


