နေပြည်တော် ဇန်နဝါရီ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား  ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 

 တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း များနှင့် အမှုထမ်းများက ၎င်းတို့သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများနှင့် ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီမိတ်ဆက်တင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံတမန်ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံး တာဝန်မှာ နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိရိုသေရန် မှာကြားလိုကြောင်း၊ သံတမန်တစ်ဦးသည် အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိရှိဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိ တန်ဖိုးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အားအနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် သံတမန်အရည်အသွေးများ တိုးတက်နေအောင်၊ ထက်မြက်နေအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းအလိုက် နေထိုင်ကျင့်ကြံရမည့် အပြုအမှုများ၊ ကြိုးစား အားထုတ်မှုများကို ဆင်ခြင်ဉာဏ်သုံး၍ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သွားရောက်တာဝန်ထမ်း ဆောင်မည့် နိုင်ငံအကြောင်းကို ကြိုတင်လေ့လာသွားရန်လိုအပ်ပြီး ထိုသို့သိရှိမှသာ တာဝန်ထမ်း ဆောင်မှုတွင် အဆင်ပြေချောမွေစေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြေမပျက် စောင့်ကြည့်နေရမည်ဖြစ်ပြီး သံတမန်ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံအကျိုးဖြစ် ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ ရောက်ရှိသည့်နိုင်ငံတွင် မြင်တွေ့ရသည့် ဖြစ်ပေါ်တိုးတက်မှုများကို နမူနာယူ၍ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူတတ်ရန် လိုကြောင်း၊ သံတမန်ဖြစ်သည့်အတွက် Negotiation Skill ကောင်းမွန်ပြီး ကျွမ်းကျင်မှု ရှိရန်လိုကြောင်း၊ သံတမန်များ လိုက်နာရမည့် စည်းကမ်း၊ နေထိုင်သွားလာမှုများကို သတိပြုရန်ဖြစ်ကြောင်း၊ သံတမန် အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များကို အကျိုးရှိရှိထိန်းသိမ်းဆောင်ရွက်ရန်နှင့် လွဲမှားစွာ အသုံးမချရန် လိုအပ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မှန်ကန်သည့် ကြိုးစားအားထုတ်မှုဖြင့် အသိအမှတ်ပြု ဂုဏ်ပြုခံရအောင် ကြိုးစားရန်လိုအပ်ပြီး ကြိုးစားမှုအပေါ် မူတည်ပြီး နိုင်ငံတော်က ဘွဲ့ထူးဂုဏ်ထူး၊ ဆုတံဆိပ်များ ချီးမြှောက်ပေးလျက်ရှိကြောင်း။

 

သံတမန်တစ်ဦးအနေဖြင့် သံခင်းတမန်ခင်းကျွမ်းကျင်မှုအပြင် ညှိနှိုင်းဆွေးနွေးမှု၊  နည်းနာကျွမ်းကျင်မှုနှင့် ဘာသာစကားများ ကျွမ်းကျင်မှုရှိအောင် ကြိုးစားကြရမည်ဖြစ်ပြီး ကမ္ဘာသုံးဘာသာစကား၊ သွားရောက် တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ဘာသာစကားကိုပါ တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူစေ လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေလိုကြောင်း၊ အလုပ်တစ်ခုကို လုပ်ဆောင်မည်ဆိုပါက တစ်ဦးတစ်ယောက်အားထက်အများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်ရခြင်းသည် လုပ်ငန်းကို ပိုမိုထိရောက်ခရီးရောက်စေသည့်အတွက် ညီညွတ်မှုရှိကြရန် တိုက်တွန်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်

(သတင်းစဉ်)