နေပြည်တော် မတ် ၁၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး ရှေ့ရှုကာ နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် တိုးမြင့်လာလျက်ရှိသည့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

သတင်းစဉ်