နေပြည်တော်၊ အောက်တိုဘာ ၈

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး၊  လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ အေဂျင်စီများမှ ကိုယ်စားလှယ်များ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

 

ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ဖွံ့ဖြိုးမှုအကူအညီကိစ္စရပ်များအပါအဝင် ပူးပေါင်းဆောင်ရွက်ရာတွင် ကျင့်သုံးနေသည့် မူဝါဒများနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်သူများထံသို့ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးမှုများကို ပိတ်ဆို့တားဆီးမှုမရှိကြောင်း၊ လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ခရီးသွားလာခြင်းကို လုံခြုံရေးကိစ္စအလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီပေးရာတွင် အဓိက သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ထိရောက်သည့်အကူအညီ ဖြစ်စေရန်၊ လုပ်ငန်းမထပ်စေရန်  အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလှူရှင်ကိုယ်စားလှယ်များအနေဖြင့်  ဖြန့်ဝေမှုကို လိုက်ပါလိုပါက အတူလိုက်ပါနိုင်ပါကြောင်း၊ တိုင်ဖွန်းမုန်တိုင်းရာဂီဒဏ်သင့်ဒေသများ၌  လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ရှိ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံ၏အခြေအနေမှန်များကို သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးစေလိုကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်စပ်လျဉ်း၍ လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များကို လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်သော် လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆောင်ရွက်နိုင်ပါရန်လည်း ဖိတ်ခေါ်ထားကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပါအဝင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။    

 

သတင်းစဉ်