နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေး ဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး/ ပြည်နယ် မန်နေဂျာများနှင့် ခရိုင်မန်နေဂျာများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တစ်နှစ်တာကာလအတွင်း လက်ရှိဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပကတိ အခြေအနေများအပေါ် အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် ရည်မှန်းထားသည့် ဦးတည်ချက်များ ပြည့်မီ အောင်မြင်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း (၃၁၁) ဘဏ် ရှိသည့်အနက် လက်ရှိအခြေအနေအရ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲရှိနေသည့် ဘဏ်ခွဲများအတွက် နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် အဆင်ပြေစွာဆောင် ရွက်နိုင်ရန် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများနှင့် ဘဏ်ခွဲများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရကြောင်း။
နိုင်ငံ့စီးပွားတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်က MSME လုပ်ငန်းရှင်များကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန် ထုတ်လုပ်မှုတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် MSME ရန်ပုံငွေမှ လုပ်ငန်းရှင်များ သို့ သက်သာသော အတိုးနှုန်းဖြင့် အရည်အသွေးပြည့်မီသော ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး ဘဏ်လုပ်ငန်းအနေဖြင့် ပို့ကုန်/ သွင်းကုန်ဆိုင်ရာ ငွေပေးချေမှုများ လွယ်ကူချောမွေ့စေရန် ယွမ် /ကျပ်၊ ဘတ်/ ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အသုံးပြုလျက်ရှိပြီး၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အသုံးပြုဆောင်ရွက်နိုင်ရေးကို ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ Core Banking စနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း စနစ်ကိုလည်း တိုးချဲ့ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ Centralized e-Pension စနစ်ကို ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ်ခွဲပေါင်း (၆၇) ဘဏ်၌ အသုံးပြုလာနိုင်ပြီဖြစ်၍ အငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို Centralized e-Pension စနစ်ဆောင်ရွက်နေသည့် ဘဏ်ခွဲများတွင် ဝန်ဆောင်ခအခမဲ့ဖြင့် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ ကြိုးစားအားထုတ်မှုနှင့် ဝန်ထမ်းများက စေတနာထား ဆောင်ရွက်ပေးနေမှုများကို အသိအမှတ်ပြုပါကြောင်း။
သမားရိုးကျဘဏ်လုပ်ငန်းစနစ်မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် မသမာသူအချို့က မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှတစ်ဆင့် မသမာမှုများနှင့် ငွေကြေးလိမ်လည်မှုများကို ပြုလုပ်နေကြသဖြင့် ယင်းသို့လုပ်ဆောင်မှုများကို စိစစ်တွေ့ရှိရပါက ချက်ချင်းဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဝန်ထမ်း၊ ငွေကြေး၊ စာရင်းဇယားလုံခြုံရေးတို့မှာ အရေးကြီးသည့် အတွက် သတင်းအချက်အလက်ရယူရေးနှင့် ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေးတို့အတွက် အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးကို ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။
နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ကဏ္ဍအလိုက် ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ လုပ်ငန်းစွမ်းဆောင် ရည်နှင့် ထူးချွန်မှုများအတွက် ဆုချီးမြှင့်မှုများအပါအဝင် ဖေဖော်ဝါရီ ၂၃ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်