နေပြည်တော် ဇန်နဝါရီ ၄
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia အား ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံပူပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံ ချေးငွေများနှင့်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာအခြေအနေများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ သင်တန်းများ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေနှင့် နှစ်နိုင်ငံအကြား ခိုင်မြဲစွာတည်ရှိနေသည့် ဆွေမျိုး-ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များအား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


