နေပြည်တော် ဇွန် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg International Economic Forum) သို့ တက်ရောက်ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားပတ်ဝန်းကျင်ဆိုင်ရာဌာန အထွေထွေညွှန်ကြားရေး မှူး မစ္စတာဒန်းနစ်ဘတ်စေးအိဗ် နှင့် အဖွဲ့အား ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသော သက်ရောက်မှုများကို တားဆီးရန်၊ စွမ်းအင်ထုတ်လုပ်ရန်အတွက် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရန်၊ မြူနီစပယ်စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံရှိ စွန့်ပစ်ပစ္စည်းများအား အမျိုး အစားခွဲခြားခြင်းဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အိုင်ဗီယန် ဗီတိုရိုဗစ်ရှ် ပိုလီရာကော့ဗ်နှင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံပြီး ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတမစ္စတာဗလာဒီမာပူတင် နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ အက်ဘ်ဒယ်လ်မက်ဂျစ်ဒ် တက်ဘ်ဘုန်းတို့က အဖွင့်မိန့်ခွန်း ပြောကြားကြပြီး ရုရှားနိုင်ငံနှင့် ကမ္ဘာ့မျက်မှောက်ရေးရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းဖိုရမ်သို့ နိုင်ငံပေါင်း(၁၃၀)မှ ဧည့်သည်တော် ပေါင်း (၁၇၀၀၀) ကျော် တက်ရောက်ကြသည်။
စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများကို အဓိကထားဆွေးနွေးသည့် အစီအစဉ်တစ်ခုဖြစ်ကာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေ့အကျင့်ကောင်းများနှင့် ကျွမ်းကျင်မှုများကို ဖလှယ်ရန်၊ ရုရှားဖက်ဒေရေးရှင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား လက်တွေ့ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အမြင်ချင်းဖလှယ်ခြင်းဖြင့် အပြန်အလှန် အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
(၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ် (၂၄) ဦး ပါဝင်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် စီးပွားရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များ ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်