နေပြည်တော် နိုဝင်ဘာ ၂၂

 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) ရန်ကုန်တန်းခွဲနှင့် နေပြည်တော်တန်းခွဲရှိ သင်တန်းသား/ သူများတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀  နာရီခွဲတွင်  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၄၀)တို့ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား/သူများကို ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးလွင်ဦး က သံတမန်ရေးရာဘာသာရပ်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၆/၂၀၂၄) ရန်ကုန်နှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူ ကိုယ်စားလှယ်များက ကျေးဇူး တင်စကား ပြန်လည်ပြောကြားကြသည်။

 

ထို့နောက် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) ရန်ကုန်တန်းခွဲနှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူများသည် နေပြည်တော်ရှိ အထင်ကရ နေရာများဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါသန္တိစေတီတော်တို့အား သွားရောက်ဖူးမျှော်ခြင်း၊ သူရဲကောင်း ဗိမ္မာန်သို့သွားရောက်၍ ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်တော်များအား အလေးပြုခြင်း၊ အမျိုးသားပြတိုက်နှင့် ငလိုက်ဆည်ဆင်စခန်းတို့သို့ သွားရောက် လေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် နိုင်ငံတကာရေးရာများကို စိတ်ပါဝင်စားသည့် ပြင်ပမှပုဂ္ဂိုလ်များအတွက် အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)