နေပြည်တော် ဧပြီ ၂၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ ညနေပိုင်းက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ယခုကာလတွင် ပြည်တွင်းခရီးသည်များလေဆိပ်သို့ ဆိုက်ရောက်/ ထွက်ခွာ အဆင်ပြေမှုရှိစေရေး ယာယီဆောင်ရွက်ထားရှိမှု နှင့် အပြည်ပြည် ဆိုင်ရာလေကြောင်းခရီးစဉ်များ အဆင်ပြေစွာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ပေး နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လေဆိပ်တာဝန်ရှိသူများက လက်ရှိကာလတွင် ပြည်တွင်းခရီးစဉ်အတွက် ယာယီ အသုံးပြုလျက်ရှိသည့် ခရီးသည်များ သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေနှင့် မကြာမီ ပြန်လည်ဖွင့်လှစ်မည့် ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ ဆိုက်ရောက်ခရီးသည်များနှင့် ထွက်ခွာခရီး သည်များအတွက် လေဆိပ်ဝန်ဆောင်မှုဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် လိုအပ်ချက်ရှိ သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးအား ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက် အဦအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်ရေးဆောင်ရွက်မည့် အစီအစဉ်များကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လေဆိပ်အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး လေဆိပ်ဝန်ဆောင်မှုများ ယခင်အတိုင်း အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)