ရန်ကုန်၊ ဧပြီ  ၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်လွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရန်ကုန်လေဆိပ် Operator လုပ်ကိုင်နေ သည့် Yangon Aerodrome Company Limited – YACL မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် တာဝန်ရှိသူများက လက်ရှိလေဆိပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပြန်လည်ရှင်းလင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်လေဆိပ်သည် မိမိနိုင်ငံအတွင်းသို့  ပြည်ပမှ လေကြောင်းခရီးဖြင့် ခရီးသည်များစွာ ဝင်ရောက်ထွက်ခွာသည့် အဓိက ဝင်ပေါက်နေရာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဆင်ပြေ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးသည် အဓိကလုပ်ငန်းတာဝန် တစ်ရပ်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်းမှ သတ်မှတ်ခွင့်ပြုကုန်ပစ္စည်းများကို နိုင်ငံတကာမှတင်သွင်းခြင်းနှင့် နိုင်ငံတကာသို့ တင်ပို့ခြင်းလုပ်ငန်းများကို လုပ်ထုံး/ လုပ်နည်းနှင့်အညီ ဝန်ဆောင်မှုပေးနေရသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နေရကြောင်း။
လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေရသည့် ဝန်ထမ်းများ အနေဖြင့်လည်း လေဆိပ်ပတ်ဝန်းကျင်နှင့် လေဆိပ်အတွင်း မသမာသူများဝင်ရောက်ပြီး အဖျက် အမှောက်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လေကြောင်းမှ ပြည်တွင်း/ ပြည်ပ ခရီးသွား လုပ်သားပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်တင်သွင်းမှုများ အန္တရာယ်ရှင်းလင်းစွာဖြင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက် လေဆိပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လေဆိပ် Operator တို့ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အခက်အခဲ လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန်နှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်းများနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်လေဆိပ် ပြည်တွင်း/ ပြည်ပ ခရီးသည်များအတွက် ထွက်ခွာ/ ဆိုက်ရောက်သည့် Terminal 3 ၊ ကုန်ပစ္စည်းများရောက်ရှိ၊ တင်ပို့သည့် Cargo Terminal နှင့် ပြည်ပခရီးသည်များ ထွက်ခွာ/ဆိုက်ရောက်သည့် Terminal 1 တို့တွင် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်