နေပြည်တော် ၂ စက်တင်ဘာ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် သည် ယနေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့ ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံ ကုန်းကျေးရွာရှိ ဘုရားစေတီများထီးတော် တိမ်းစောင်း၊ ပြိုကျအက်ကွဲမှု အခြေအနေကို ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာ ဂြိုလ်ကြီးရှစ်လုံးစေတီများ ထီးတော်ပြိုကျမှု၊ စေတီလုံးတော်များ ကွဲအက်မှုများကိုကြည့်ရှု၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ ငလျင်ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍လိုက်နာ ဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍နိုင်ငံတော် အနေ ဖြင့် ပြည်ထောင်စုဝန်ကြီးဌာများအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အလိုက်ဖွဲ့စည်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားပြီးငလျင်ဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆီဆုံလေးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာမူလတန်းကျောင်းနံရံများ ကွဲအက်မှုအခြေအနေကိုကြည့်ရှုပြီး ယာယီစာသင်ဆောင်ဆောက်လုပ်ရန် လိုအပ်သော အမိုးသွပ်များထောက်ပံ့ရေး စီစဉ်ပေးသည်။
ယင်းနောက် ရေဦးမြို့နယ် မန်ကျည်းတောကျေးရွာ(တောင်)နှင့် မန်ကျည်းတော ကျေးရွာ(မြောက်)တို့ရှိစေတီတော်များ စိန်ဖူးတော်မြေခပျက်စီးမှုများ ကိုကြည့်ရှုပြီးနောက် ဆရာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးက ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က လိုအပ်သလို ညှိနှိိ်ုင်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယခုငလျင်သည် ရစ်ချ်စတာ စကေး(၆)ဖြင့်လှုပ်ခတ်ခဲ့သော်လည်း လူသေဆုံးမှုနှင့် လူနေ အိမ်များ လုံးဝပြိုကျမှုမရှိဘဲ ဒဏ်ရာရရှိမှုနှင့်တစ်စိတ်တစ်ပိုင်းပျက်စီးမှုများသာ ဖြစ်ပေါ် ခဲ့သည်ကိုသိရှိရပါကြောင်း၊ ဘုရားစေတီများနှင့် သာသနိက အဆောက်အအုံအချို့သာ ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စေတနာရှင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အချိန်တိုအတွင်း ပြီးစီးအောင်မြင်နိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြိီး လွှတ်တော်ကိုယ်စားလှယ်၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး၊ ရွှေဘို၊ခင်ဦး၊ ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူးများက ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ လုပ်ငန်းအလိုက်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ရွှေဘို၊ခင်ဦး၊ ရေဦးမြို့နယ်များရှိဘုရားစေတီများ ပြုပြင်ရန် ဆောင်ရွက် ဆဲကာလအတွင်း မိုးရေဝင်၍ ပိုမိုပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် ဖုံးအုပ်ကာရံ ထားရန် လိုအပ်သော မိုးကာလိပ်များ၊ ယာယီစာသင်ဆောင်အတွက် အမိုးသွပ်များနှင့် ခရိုင် အတွင်းရှိ လူနေအိမ်များ၊ သာသနိကအဆောက်အဦများနှင့် ရေဦးမြို့နယ်မှ ဒဏ်ရာရ လူနာတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ်(၃၃၀ဝ၀ဝ၀)တို့ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး များသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


