နေပြည်တော် ၁၅ နိုဝင်ဘာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပေကျင်းမြို့ရှိ Chayang ခရိုင် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုဌာနသို့ သွားရောက်လေ့လာခဲ့ပြီး ပြည်သူ့ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စေတနာဝန်ထမ်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် စေတနာဝန်ထမ်းဝန်ဆောင်မှုဌာန၌ အင်တာနက်မှတစ်ဆင့် အကူအညီ လိုပါက ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ စေတနာဝန်ထမ်းအဖြစ် အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်၊ မြို့နယ်အသီးသီးမှ ပြည်သူများအား ဆန္ဒအလျောက် ပါဝင်လာစေရေး စည်းရုံးမှု အခြေအနေ၊ ပါဝင်ဆောင်ရွက်နေသည့် စေတနာဝန်ထမ်းများ စဉ်ဆက်မပြတ် တက်ကြွစွာ ဆောင်ရွက်စေရေးအတွက် အခြေခံသင်တန်းနှင့် နယ်ပယ်လိုက်ဆိုင်ရာ အထူးသင်တန်းများပေးမှု၊ စေတနာ့ ဝန်ထမ်းဆောင်ရွက်မှု ကြာမြင့်သည့် အချိန်နာရီ ပေါ်မူတည်၍ ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ပေးမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာနသို့ သွားရောက်ကာ အဆိုပါဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးMr. Fu Jianhua နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းမှုများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ သဘာဝဘေး စီမံခန့်ခွဲမှုအတွက် နည်းပညာဖလှယ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အပါအဝင် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ ဘေးအန္တရာယ် ကျရောက်နိုင်ခြေ ဖော်ထုတ်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများတွင် နိုင်ငံအလိုက် ဆောင်ရွက်မှုပုံစံနှင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးနိုင်မည့် အလားအလာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


