တောင်ကြီး မေ ၁၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူများကို ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထိုနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းတွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပျက်မြှင့် တင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များဖြစ်သည်နှင့်အညီ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူ များသည် သင်တန်းစင်တာ အဆောက်အဦးကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းစင်တာ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ယင်းနောက် တောင်ကြီးမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဝင်လမ်းခင်းမည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရန်၊ ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)