နေပြည်တော် ၉ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယမန်နေ့ နံနက်ပိုင်းက B.O.T စနစ်ဖြင့် ဆောင်ရွက်နေသောဘုရားကြီး - ကျိုက်ထို - သထုံလမ်း မိုင်တိုင်အမှတ် ၁၁၆/၂ - ၁၁၆/၃ ကြား လမ်းအသုံးပြုခ ကောက်ခံရေးစခန်း တည်ဆောက်နေမှုနှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းနေမှုအား ကြည့်ရှုစစ်ဆေး၍ စခန်းဘေးတွင် ဓါတ်ငွေ့ပိုက်လိုင်းရှိနေသဖြင့် ထိခိုက်မှုမရှိဘဲ ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျဆောင်ရွက်ရန် Toll Collection System ကို ETC စနစ် ထည့်သွင်းကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် မိုင် ၁၂၆/၂ - ၁၂၆/၄ အကြား ဘီးလင်းမြို့အတွက် နှစ်စဉ်ရေကျော်သည့် အပိုင်းများအား လမ်းတာဘောင်အဆင့်မြှင့်တင်၍ ကွန်ကရစ်လမ်းခင်းရန် ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ထားသော ဒေးဗရိန်းကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး တံတားအတက်အဆင်းတွင် ရထားသံလမ်းကူးရှိနေသဖြင့် သွားလာမှု အဆင်ပြေအောင် Level Crossing လုပ်ပေးရန်နှင့် တံတားတစ်ဖက်ကမ်းတွင် လယ်ဧက (၂၀ဝ၀) ခန့်ရှိသဖြင့် ဒေသခံများအတွက် လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်မှု အဆင်ပြေစေရန် တံတားနှင့် ဆက်စပ်၍ ကုန်ထုတ်လမ်း အမြန်ဖောက်လုပ်ပေးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ADB ချေးငွေဖြင့် ကန်ထရိုက်တာ CRBC ကုမ္ပဏီမှ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေသော အိန္ဒု - ကော့ကရိတ်လမ်း 7km နှင့် 8km အကြားတွင် စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)