နေပြည်တော်၊ ဇန်နဝါရီ ၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ ညနေပိုင်းတွင် ငွေဆောင်ကမ်းခြေဒေသ ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ သွားလာလည်ပတ်လေ့ရှိသော မြွေကျွန်းသို့သွားရောက်ကာ ခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာလည်ပတ်နိုင်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငွေဆောင်ကမ်းခြေရှိ Aureum Palace Hotel ၊ Sunny Paradise Hotel နှင့် Ngwe Saung Square ကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာ ဟိုတယ်များအနေဖြင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် Hotels Guest List Management System (HGLMS)ကို စနစ်တကျအသုံးပြုကြရန်၊ ကျန်းမာရေးနှင့် ဘေးအန္တာရယ် ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Health and Safety Protocols – HSP) ကို ဒေသအဆင့်ရရှိထားသော ဟိုတယ်များက အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆက်လက်ဆောင်ရွက်သွားကြရန်၊ အမှတ်တရ ပစ္စည်းများ ရောင်းချရာတွင် ဒေသထုတ်ကုန်များ ပိုမိုထည့်သွင်းရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားကြရန်နှင့် ငွေဆောင်ကမ်းခြေဒေသတွင် ဆောင်ရွက်ထားသော Ngwe Saung Square ကို ရေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဒုတိယဝန်ကြီးသည် ငွေဆောင် ကမ်းခြေဒေသရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပသည့် ရုရှားဘာသာစကား (အခြေခံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ငွေဆောင်ကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေကြသူများအား တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။

မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ Diving Site အဖြစ် သတ်မှတ်ထားသည့် ခရီးစဉ်ဒေသများဖြစ်သော ငှက်ကျွန်း၊ ကျွန်းလျာရှည်ကျွန်းနှင့် လိပ်ကျွန်း၊ ချစ်သူများကျွန်း နှင့် ငွေဆောင်ကမ်းခြေရှိ Yacht Club and Merina Resort Hotel သို့ သွားရောက်ကာ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ကောင်မွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ ဘေးအန္တာရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်