နေပြည်တော်၊ ဇန်နဝါရီ ၉

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် ငွေဆောင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ငွေဆောင်‌ရုံးခွဲ တည်ဆောက်မည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ငရုတ်ကောင်းမြို့သို့သွားရောက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကို ငရုတ်ကောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ ဒေသ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ဆက်စပ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အတွက် ဒေသ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေး၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး တို့ကိုရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO) များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ DMO တွင် ပါဝင်သော အစိုးရ-ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များသွားလာလည်ပတ် လေ့ရှိသော ဂေါ်ရင်ဂျီကျွန်းသို့သွားရောက်ကာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  

 

ထို့နောက် ဂေါ်ရင်ဂျီဟိုတယ်သို့သွားရောက်၍ ဟိုတယ်တွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် Hotels Guest List Management System (HGLMS)ကို စနစ်တကျအသုံးပြုနေမှု၊ လာရောက်တည်းခိုသည့် ဧည့်သည်များကို သန့်ရှင်းလတ်ဆတ်သည့် အသီးအနှံများဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် ဟိုတယ်တွင် စိုက်ပျိုးထားသော Organic စိုက်ခင်းနှင့် ဒေသထွက်ပစ္စည်းများ ရောင်ချထားမှု ၊ လာရောက်တည်းခိုမည့် ခရီးသွားဧည့်သည်များ အားကောင်မွန်သော ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ထားမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဂေါ်ရင်ဂျီကျွန်းသည် အလား အလာရှိသော ကမ်းခြေခရီး စဉ် ဒေသဖြစ်သောကြောင့် ပြည်တွင်းပြည်ပခရီးသွားတွေ ပိုမိုသိရှိပြီး လာရောက်လည်ပတ်စေရန်နှင့် ခရီးသွားလုပ်ငန်းကြောင့် သဘာဝအလှအပများ ပျက်စီးမှုမရှိစေရန် စနစ်တကျထိန်းသိမ်း ကာကွယ်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)