ရန်ကုန် အောက်တိုဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင် လမ်းအမှတ် (၁၈-အေ)ရှိ စာဆိုဗိမာန် အဆောက်အအုံသုံးထပ်(RC) ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ထိုသို့ တွေ့ဆုံမှာကြားရာတွင် ဒုတိယဝန်ကြီးက လုပ်ငန်းစတင်ဆောင်ရွက်ရာတွင် ခိုင်မာ တောင့်တင်းမှုသေချာစေရန် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများကို အခြေခံဆောင်ရွက်ရန် လိုကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းကြီးတစ်ခုလုံး ၂၀၂၅ ခုနှစ်ကုန်ခန့်တွင် ပြီးစီးရေး စီမံချက်ချ ဆောင်ရွက်ပေးရန်နှင့် ရေစီးရေလာကောင်းမွန်ရေးကို သတိထားဆောင်ရွက်ပေးရန်၊ ပင်မအဆောက်အအုံကြီးကို သတ်မှတ်ဒီဇိုင်း၊ အတိုင်းအတာဖြင့် အရည်အသွေးမလျော့စေရန်နှင့် အတွင်းပိုင်း အချောသတ်ပြင်ဆင်မှုများကို ညှိနှိုင်းပြီး ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။
သတင်းစဉ်


