နေပြည်တော် ၂၂ ဇွန်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ပြည်တွင်းခရီးသွားများ ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်ရန် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ရွှေကံကော် စားသောက်ဆိုင်နှင့် လိုတရစားသောက်ဆိုင်သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကူးစက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှုများကို ကြည့်ရှုစစ် ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်သည် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာခေါင်ထန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ခရီးစဉ် ဒေသစီမံခန့်ခွဲမှုကော်တီ Destination Management Organization (DMO) တွင် ပါဝင်မည့်သူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား မုံရွာမြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ သက်ဆိုင်ရာနယ်မြေဒေသအလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ (DMO) များကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်ကို ပြန်လည် စတင်နိုင်ရန် ကိုဗစ်-၁၉ မြန်မာ့ခရီးသွားမဟာဗျူဟာ လမ်းပြမြေပုံဝန်ကြီးဌာနမှ စိစစ်ရေးဆွဲထားမှုများနှင့် Tourism National Guidelines For COVID-19 Safe Services(Beta Version-IV) ကို ထုတ်ပြန် ထားမှုများ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ New Nomal အနေဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ခရီးသည်များဘေးအန္တရာယ် ကင်းရှင်းစေရန် သတ်မှတ်ချက်များ၊ Social Distancing ဆိုင်ရာလုပ်ငန်းစဉ်များဖြင့် တဆင့်ချင်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီမံမှုဖြင့် ဒေသအာဏာပိုင်များ၊ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ ပူးပေါင်းပါဝင်သည့် DMO များကို ခရီးစဉ်ဒေသအလိုက် လိုအပ်သလိုဖွဲ့စည်း ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် Fancy 2 စားသောက်ဆိုင်၊ ချင်းတွင်းဟိုတယ်၊ မိုးညှင်း သမ္ဗုဒ္ဓေဘုရား၊ ဗောဓိတထောင်ဘုရားနှင့် စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ Happy Hotel၊ ကျော်သူ (ရေခဲမုန့်/ကိတ်မုန့်) စားသောက်ဆိုင်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ် ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများလာရောက် စားသုံးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့များသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဒုတိယဝန်ကြီးသည် ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် မကွေးမြို့သို့ သွားရောက်ကာ High Class စားသောက်ဆိုင်တွင် Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများလာရောက် စားသုံးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မကွေးမြသလွန် ဘုရားသို့သွားရောက်ကာ ဘုရားဂေါပကဖွဲ့အား တွေ့ဆုံ၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဘုရားကြီးပြန်လည် ဖွင့်လှစ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ကံ့ကော်တစ်ထောင် ဘုရားသို့ သွားရောက်၍ ဆရာတော်၏ သြဝါဒများခံယူကာဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ ခရီးစဉ် ဒေသစီမံခန့်ခွဲမှု ကော်တီ Destination Management Organization (DMO) တွင် ပါဝင်မည့် သူများနှင့် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား မကွေးမြို့ နန်းထိုက်သူ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် Padartha Hotel နှင့် Riverview Hotel သို့ သွားရောက် ကာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ Selection စားသောက်ဆိုင်သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


