နေပြည်တော် ၂၈ ဇွန်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ကိုဗစ်-၁၉အလွန် ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ပြည်တွင်းခရီးသွားများ ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်ရန် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ Famous Hotel တွင် ကယားပြည်နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကယားပြည်နယ် ခရီးစဉ်ဒေသဆိုင်ရာကော်မတီ Destination Management Organization (DMO) အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် သက်ဆိုင်ရာနယ်မြေအလိုက် ခရီးစဉ် ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) များကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရေးကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်နိုင်ရန် ကိုဗစ်-၁၉ မြန်မာ့ခရီးသွားမဟာဗျူဟာ လမ်းပြမြေပုံအား ဝန်ကြီးဌာနမှ စိစစ်ရေးဆွဲ ထားမှုနှင့် Tourism National Guidelines For COVID-19 Safe Services (Beta Version- IV) ကို ထုတ်ပြန်ထားမှုများ၊ ပြည်တွင်းခရီးသွား လုပ်ငန်းများ New Normal အနေဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ခရီးသည်များဘေး အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ချက်များ၊ Social Distancing ဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် တစ်ဆင့်ချင်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ၏ စီမံမှုဖြင့် ဒေသအာဏာပိုင်များ၊ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ ပူးပေါင်းပါဝင်သည့် DMO များကိုခရီးစဉ် ဒေသအလိုက် လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Loikaw City Restaurant နှင့် Red Dynasty Restaurant သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကူးစက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှု အခြေအနေများကိုလည်းကောင်း၊ လက်ရှိတွင် ကယားပြည်နယ် အတွင်းဟိုတယ်(၂၄)လုံး ပြန်လည်ဖွင့်ထားရှိပြီး ဖြစ်ရာ KeinnaraLoikaw Hotel ၊ Royal Naung Yah Hotel နှင့်Hotel Myat Nan Taw တို့၏ ကိုဗစ်-၁၉ ကူးစက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ခရီးသွား ဧည့်သည်များ တည်းခိုနေထိုင်ရေး ဖွင့်လှစ်ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း ချယ်ရီပင်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး သီရိမင်္ဂလာတောင်ကွဲစေတီသို့ သွားရောက်ကာ ဘုရားဂေါပက အဖွဲ့များနှင့်တွေ့ဆုံ၍ အလှူငွေများ ပေးအပ်လှူဒါန်း၍ စေတီတော်ပြန်လည်ဖွင့်လှစ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် Christ the King Catholic Church သို့သွားရောက်ကာ ကျောင်းထိုင် ဘုန်းတော်ကြီး နှင့်တွေ့ဆုံ၍ Church ကျောင်းအတွင်း ဘုရားဝတ်ပြုနိုင်ရေး Social Distancing ဆိုင်ရာ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လွိုင်ကော်ရုံးခွဲအား စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


