နေပြည်တော် ဩဂုတ် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တာဝန်ရှိသူများ နှင့်အတူယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၂၃/၁ ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွားတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တံတားသံဘောင်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က လိုက်လံရှင်းလင်းတင်ပြ၍ဒုတိယဝန်ကြီး က တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင် တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီး စီးစေရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-တောင်ငူ-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၁၀/၃ မှ ၂၁၁/၇ အတွင်း လမ်းဘေးရေဝပ်ဧရိယာ နေရာများ၌ မြေဖို့ခြင်းလုပ်ငန်းကို ကြည့်စစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးဦး နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လမ်းဘေးရှိ ရှင်သန်မှုမရှိသော သစ်ပင်များနေရာကို မိုးတွင်းကာလအတွင်း အစားထိုးစိုက်ပျိုးသွားရန်၊ လမ်းဘေး ဝဲ/ယာရှိ ချုံနွယ် များရှင်းလင်းထားရန်နှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသည့် နေရာများတွင် မိုးတွင်းကာလအတွင်း ရေစီးချောင်းများဖြစ်ပေါ်လာပါက ပြင်ဆင် ဆောင်ရွက်သွားရန် တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်