နေပြည်တော်၊ ဇွန်၂
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင်၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မင်းဘူး-မကွေးလမ်း မိုင်တိုင်အမှတ် (၀/၆) မှ (၁/၀) အတွင်းနှင့် မိုင်တိုင်အမှတ် (၁/၃) နှင့် (၁/၄)အတွင်း အန္တရာယ်ရှိသော လမ်းကွေ့များ (မျက်ကွယ်ကွေ့များ) မြေဖြတ်ခြင်းလုပ်ငန်းနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မင်းဘူးခရိုင်၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဥမ္မာလှိုင်က စက်ယာဉ်ယန္တရားများဖြင့် လမ်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းအထူးအဖွဲ့ (၁၁) မှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်း (မင်းဘူးမြို့တွင်းလမ်းပိုင်း) မိုင်တိုင်အမှတ် (၀/၄) မှ (၁/၅) အထိ (၉) ဖာလုံ မူလကတ္တရာလမ်း ပေ (၃၀) အကျယ်မှ (၄၈) ပေအကျယ် လမ်းချဲ့၍ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ လမ်းအထူးအဖွဲ့ (၁၁) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကြည်ပိုက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မင်းဘူး-မကွေးလမ်းပိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အသွားအပြန်လမ်းနှင့် လမ်းလယ်ကျွန်း ထည့်သွင်းဆောင်ရွက်ပြီး လမ်းဘေး ဝဲယာ သန့်ရှင်း ၊ သပ်ရပ် ၊ သာယာ ၊ လှပရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လမ်းဒီဇိုင်းမှန်ကန်မှုရှိစေရေး လမ်းအရည်အသွေး ကောင်းမွန်ရေးနှင့် လမ်းသားများ မပျက်စီးစေရေး အလေးထားကြပ်မတ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား (မကွေး) လမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၆၈/၇) မှ (၆၉/၃) ကြားနှင့် မိုင်တိုင်အမှတ် (၃၉/၁) မှ (၃၉/၃) ကြား ၁၈ ပေမှ ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် ကတ္တရာရေပိတ်လွှာ လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စောမြတ်ခိုင် နှင့် တာဝန်ခံအင်ဂျင်နီယာများက လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ညို (ပန်းတင်) - မြို့သစ် - ကန်ပြား (မကွေး) လမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုများကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


