နေပြည်တော် မေ ၇

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည်  ယမန်နေ့ နံနက်ပိုင်းတွင် ဝါးတန်းဆိပ်ကမ်းမှ တစ်ဆင့် ဒလဆိပ်ကမ်းဘက်သို့ ရန်ကုန်မြစ်ကို ဇက်ရေယာဉ်ဖြင့်ဖြတ်ကူးပြီး တွံတေးမြို့နယ်အတွင်းရှိ ကံဘဲ့ - ပျော်ဘွယ်လေး- ဒလလမ်း လမ်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး  တွံတေး-ကော့မှူး - ဝါးဘလောက်သောက် -ကွမ်းခြံကုန်းလမ်း၊ ဒလ-သခွပ်-လက်ခုပ်ကုန်း - ကညင်ကုန်းလမ်းနှင့် လက်ရှိဖောက်လုပ် နေသည့် ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်း လမ်းကွန်ယက်များ ဆက်သွယ်နိုင်မှုကြောင့် ဒလမြို့နယ်၊ ကော့မှူး မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် (၃)မြို့နယ်ရှိ ပြည်သူများလမ်းပန်းဆက်သွယ်ရေး လွယ်ကူနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ သေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေးတို့အား အလေးထားရန် မှာကြားသည်။

 

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆိပ်ကြီးခနောင်တိုတံတား စီမံကိန်းရှင်းလင်း ဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးထွန်းလင်းက တံတားတည်ဆောက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက  စီမံကိန်းတစ်ခုလုံး၏ ဆောင်ရွက်ပြီးလုပ်ငန်း၊ လက်ရှိ ဆောင်ရွက်ဆဲလုပ်ငန်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများတွင် ဆိပ်ကြီးခနောင်တိုဘက်နှင့် ဒလဘက်ခြမ်း ချဉ်းကပ် တံတား လျာထားနေရာသတ်မှတ်ချက်အတိုင်း မြေယာလျော်ကြေးကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်မဆိုင်း ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက် ရန်မှာကြားသည်။

 

ထို့နောက် ဒလ-တွံတေးလမ်းအတိုင်း လမ်းတစ်လျှောက် ထွက်ခွာလာပြီး တွံတေးတံတား၏ တံတား ကြံ့ခိုင်မှုအခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခတ္တိယ-ပဒါန်ရေကျော် ကျေးရွာချင်းဆက်လမ်း လမ်းစခန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ တွံတေးမြို့နယ် ၊ ခတ္တိယ-ပဒါန် ရေကျော်လမ်းသည် ကျေးရွာအုပ်စု (၁၈)စု၊ ကျေးရွာပေါင်း (၅၉)ရွာရှိ ကျေးလက်နေ ပြည်သူပေါင်း (၄)သောင်းကျော်သွားလာရေး လွယ်ကူလာနိုင်သကဲ့သို့ လယ်ယာ ထွက်ကုန်စီးဆင်းမှုနှင့် စာသင်ကျောင်း (၁၁)ကျောင်းအတွက်လည်း ပညာရေးဆိုင်ရာ အထောက်အကူပြုသည့် ကျေးရွာချင်းဆက်သွယ်သည့် လမ်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)