ရန်ကုန် ဇူလိုင် ၁၁
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ MEGA ACE HOSPITALITY ACADEMY သင်တန်းကျောင်းသို့ သွားရောက်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။ 
ဉီးစွာ သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းကို ၂၀၂၃ ခုနှစ်မှ စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး Food & Beverage Service Course နှင့် Housekeeping Operation Course သင်တန်း (၂) မျိုးကို စာတွေ့ ၄၀ရာနှုန်း၊ လက်တွေ့ ၆၀ ရာနှုန်း ဖြင့် သင်တန်းကာလ (၁) လ၊ Internship (၂) လဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း Food & Beverage Service Course နှင့် Housekeeping Operation Course သင်တန်းတို့အတွက် သင်တန်းသား (၁၁၃) ဦးနှင့် Housekeeping Operation Course ကို သင်တန်းသား (၁၁၁) ဦး သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ပြည်ပအလုပ်အကိုင်အ ခွင့်အလမ်းအနေဖြင့် ၃၁ ရာနှုန်း ရရှိခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်းသား (၁၃၀) ကျော် သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သင်ကြားနေသည့် သင်ရိုးညွှန်းတမ်းများသည် ဟိုတယ်လုပ်ငန်းခွင်တွင် မဖြစ်မနေ အသုံးချနေသည့် သင်ရိုးညွှန်းတမ်းများဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်ဝန်ဆောင်မှု အဆင့်အတန်း ပိုမိုကောင်းမွန်စေရေးနှင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက်ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ သင်တန်းကျောင်းများမှ မွေးထုတ်လိုက်သည့် သင်တန်းဆင်းများ၏ ကျွမ်းကျင်မှုများ တစ်ပြေးညီဖြစ်စေရေး ကျွမ်းကျင်မှုစံများနှင့်အညီ လေ့ကျင့်သင်ကြားနိုင်ရန် သင်တန်းကျောင်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်သည်နှင့်အမျှ နိုင်ငံတော်၊ အလုပ်ရှင်နှင့် ကာယကံရှင် လုပ်သားများအတွက်များစွာ အကျိုးရှိကြောင်း၊ Mega Ace Hospitality Academy သင်တန်းကျောင်းမှ ဖွင့်လှစ်သည့် သင်တန်းများသည် သင်တန်းသားများအတွက် ပြည်တွင်း/ ပြည်ပတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်၍ ရည်ရွယ်ချက်ကောင်းမွန်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများသော အခြားဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမျိုးအစားများကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သင်တန်းဆင်းများအနေဖြင့် အရည်အသွေးအာမခံချက်ရှိစေရေးအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခံယူနိုင်ရေး ဆောင်ရွက်ပေးသင့်ကြောင်းနှင့် ယခုဖွင့်လှစ်လျက်ရှိသည့် သင်တန်း (၂) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန တည်ထောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်