ဒူဘိုင်းတွင် ဇူလိုင် ၇ ရက်နေ့မှစတင်ကာ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ပြုမည်

၂၂ ဇွန်

 

ဒူဘိုင်းအစိုးရသည် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် အခြေအနေများနှင့်ကိုက်ညီပါက နိုင်ငံခြားခရီးသွားဧည့်သည်များကို ဇူလိုင် ၇ ရက်နေ့မှ စတင်ဝင်ရောက်ခွင့်ပြုမည်ဟု ဆိုသည်။ ယင်းကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ဒူဘိုင်းသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၏ စီးပွားရေးအချက်အချကျသည့် မြို့ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် မတ်လလယ်က နိုင်ငံခြားခရီးသွားဧည့်များ ဝင်ရောက်ခြင်းကို တားမြစ်ခဲ့သည်။

 

ဒူဘိုင်းမြို့သို့ဝင်ရောက်မည့် ခရီးသွားများအနေဖြင့် လေဆိပ်ထွက်ခွာရာနေရာတွင် ပီစီအာ စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ပြီး ရောဂါကူးစက်မှုမရှိကြောင်း သက်သေတင်ပြရမည် ဖြစ်သည်။

 

ခရီးသွားဧည့်များအနေဖြင့် ပီစီအာ စမ်းသပ်စစ်ဆေးပြီးကြောင်း တင်ပြနိုင်ခြင်းမရှိပါက ဒူဘိုင်းလေဆိပ်တွင်ဆိုက်ရောက်ရာနေရာတွင် စမ်းသပ်စစ်ဆေးမှုခံယူရမည် ဖြစ်သည်ဟု ဒူဘိုင်းအစိုးရက ဆိုသည်။

 

အဆိုပါခရီးသွားဧည့်များကို စမ်းသပ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိပါက ၎င်းတို့အနေဖြင့် အဆောက်အအုံတစ်ခုတွင် သီးသန့်ခွဲခြားနေထိုင်ဖို့ လိုအပ်မည်ဖြစ်သည်။

 

အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု အရေအတွက်မှာ မကြာသေးမီက ကျဆင်းခဲ့သည်။

 

ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်နေချိန်တွင် ဒူဘိုင်းရှိ ကမ်းခြေများ၊ ဟိုတယ်များနှင့် ဖျော်ဖြေရေးအဆောက်အအုံများကို ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လာသည်။

 

ယူအေအီးရှိ ဒူဘိုင်း၏ စီးပွားရေးသည်  ခရီးသွားလုပ်ငန်းပေါ်တွင် မှီခိုအားထားနေရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို