ဒူးနာတာ ဘာကြောင့်လဲ၊ ဘယ်လို သက်သာအောင် လုပ်ရမလဲ

၁၂ စက်တင်ဘာ

 

ဒူးနာတာက တော်တော်လေး အဖြစ်များကြတဲ့ ဝေဒနာတစ်ခုပါ။ သွားရင်းလာရင်း ဒူးက မျက်ခနဲ ဖြစ်သွားတာ၊ လှေကား အတက်အဆင်းမှာ နည်းနည်းနာသွားတာလောက်ကနေ ခြေထောက် ထောက်မရ၊ လမ်းလျှောက်မရ ဖြစ်လာတတ်ပါတယ်။

 

ဒူး ဘာကြောင့်နာရသလဲ

 

ဒူးနာပြီဆို နေ့စဉ်ဘဝ လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ –

Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)

Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) ကြောင့် ဒူးနာလေ့ ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်း နာကျင်လာပါတော့တယ်။

 

ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။

 

လေးဖက်နာအဆစ်ရောင်ရောဂါ

 

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်ခိုက်တဲ့အခါ Rheumatoid arthritis လို့ခေါ်တဲ့ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာရပါတယ်။ ဒူးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်တဲ့ လေးဖက်နာကြောင့် မကြာမကြာ ဒူးနာတတ်ပါတယ်။

 

ဂေါက်ရောဂါ

 

ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဂေါက်ရောဂါကြောင့် လှုပ်ရှားလို့ သိပ်မကောင်းတော့ဘဲ မကြာခဏ အဆစ်တွေ နာတတ်၊ ရောင်ရမ်းစေတတ်ပါတယ်။

 

အရွတ်စုတ်ပြဲခြင်း

 

ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ကို ပံ့ပိုးပေးထားတဲ့ အရွတ်တွေ စုတ်ပြဲရင်၊ အလွန်အကျွံ ဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။

 

ဒူးအရွတ် စုတ်ပြဲတာကို အားကစားလုပ်တဲ့သူတွေမှာ တွေ့ရတာ များပါတယ်။ ကစားနေရင်း ခန္ဓာကိုယ်ဦးတည်ရာကို ရုတ်တရက် ပြောင်းရလေ့ရှိတဲ့အခါ အရွတ်က ခံနိုင်ရည် မရှိလို့ဘဲ ဖြစ်ပါတယ်။

 

 အရိုးနု စုတ်ပြဲခြင်း

 

ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်မ ပေးထားတဲ့ အရိုးနု နှစ်ခု ရှိပြီး တော်ရုံ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်ပေးပါတယ်။

 

သူတို့ရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှု မရှိဘဲ ကွေးနိုင်ဆန့်နိုင်တာ ဖြစ်ပါတယ်။ ဒီအရိုးနုလေးတွေက ရုတ်တရက် လှုပ်ရှားမှုတွေ၊ ဒဏ်ဖြစ်တာတွေကြောင့် စုတ်ပြဲသွားနိုင်ပါတယ်။

 

ဂုံညင်းရိုး လွဲခြင်း

 

ဂုံညင်းရိုးလို့ ခေါ်တဲ့ ဒူးဆစ်အရိုးဟာ မူလနေရာကနေ အပြင်ကို ထိုးထွက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဂုံညင်းရိုးဟာ ဒူးဆစ်အရှေ့ပိုင်းကို ကာထားတာမို့ ခြေထောက်ရှေ့ဖက်မှာပဲ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခံစားရတတ်တဲ့ ရောဂါလက္ခဏာလေးတွေကတော့ နာကျင်ခြင်းနဲ့ ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း တို့ပဲ ဖြစ်ကြပါတယ်။

 

ကိုယ်အလေးချိန် များနေခြင်း

 

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ ဒါမှမဟုတ် အဝလွန်နေတာဟာ ဒူးကို ဝန်ပိစေတဲ့အတွက် ဒူးနာဖို့ အလေးသာစေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ လှေကားအတက်အဆင်းလုပ်တာ၊ မတ်တပ်ထရပ်လိုက်တာ စတဲ့ နေ့စဉ်ဘဝရဲ့ ပုံမှန်လှုပ်ရှားမှုတွေမှာတောင် မျက်ခနဲ၊ ဂျွတ်ခနဲ ထိခိုက်သွားနိုင်ပါတယ်။

 

ကြွက်သားတောင့်တင်းနေခြင်း

 

ကြွက်သားတွေ တောင့်တင်းပြီး သန်မာမှုအားနည်းနေတာက ဒူးနာခြင်း ဖြစ်နိုင်ခြေ ပိုများစေတဲ့ အကြောင်းရင်းတစ်ခု ပါပဲ။ ကြွက်သား သန်မာမှသာ အရိုးအဆစ်တွေကို တည်ငြိမ်အောင် ထိန်းပေးပြီး ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကြွက်သားတွေတောင့်တင်းမနေဘဲ လှုပ်ရှားရလွယ်၊ ပေါ့ပါးနေမှ လှုပ်ရရှားရကောင်းမယ်လေ။

 

ဒူးနာ သက်သာစေဖို့ –

 

(၁) မလှုပ်မရှားဘဲ မနေပါနဲ့။

 

နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်ပါတယ်။

အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့်ခပ်ဖြည်းဖြည်း လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကို အရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။

 

(၂) ဒူးစွပ် စွပ်ပါ။

 

ဒူးစွပ် စွပ်ထားတဲ့အခါ ဒူးကိုဝန်ပိတာ သက်သာစေပြီး  ဒူးဆစ်ရဲ့ လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကို အထောက်အကူ ဖြစ်စေမှာပါ။ မကြာမကြာ ဝတ်လိုက်၊ ချွတ်လိုက် လုပ်ပေးပါ။ အမြဲစွပ်ထားဖို့တော့ မလိုပါဘူး။

 

(၃) အကိုက်အခဲပျောက်ဆေး သောက်ပါ၊ လိမ်းပါ၊ ဆေးပလာစတာကပ်ပါ။

 

နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါ၊ အသည်းရောဂါ၊ စတဲ့ ရောဂါအခံတွေ ကိုယ့်မှာ ရှိနေရင် ဆရာဝန်နဲ့ ပြပြီးမှ ဆေးညွှန်းအတိုင်း သောက်တာ ကောင်းပါတယ်။

 

အကိုက်အခဲပျောက်လိမ်းဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးပိုနည်းတာမို့ ပိုအဆင်ပြေပါတယ်။

 

ပေါင်ကြွက်သားတွေ၊ ခြေသလုံးကြွက်သားတွေအထိ နာကျင်ကိုက်ခဲနေတဲ့ အခြေအနေမျိုးမှာ ပရုတ်အေးပလာစတာကပ်ပေးတာမျိုးကလည်း ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုလျော့ပါးစေမှာပါ။

 

 (၄) ကိုယ်အလေးချိန် လျှော့ပါ။

 

ကိုယ်အလေးချိန်များနေတဲ့သူတွေဟာ ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အစားဆင်ခြင်တာတွေနဲ့ အဆီချသင့်ပါတယ်။ ဒါမှ ဒူးဆစ်နဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ဝန်တွေ လျော့ပါးစေမှာဖြစ်ပါတယ်။

 

(၅) လေ့ကျင့်ခန်း လုပ်ပါ။

 

နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀လောက် တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေ ခြေထောက်လှုပ်ရှားပေးတာ (ဒူးဆစ်လှုပ်ရှားမှု အနည်းငယ် ပါအောင် ဟိုလှုပ်ဒီလှုပ် ဆိုလည်းရပါတယ်) မျိုး လုပ်သင့်ပါတယ်။ ဒူးနာသူတွေ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။

 

(၆) ရေနွေးအိတ် ကပ်ပါ။

 

နာကျင်ကိုက်ခဲမှု နဲ့ ရောင်ရမ်းမှုတွေကို ခဏတာ သက်သာစေဖို့ ရေနွေးအိတ် ကပ်ပေးပါ။ သိပ်ပူနေတယ်ဆိုရင် အဝတ်ပါးလေးခံပြီး ကြပ်ထုပ်ထိုးသလို အနွေးကပ်ပေးပါ။

 

(၇) အဆင်ပြေမယ့် ဖိနပ်ကို ရွေးစီးပါ။

 

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုရွေးချယ်သင့်ပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျအောင်၊ ဒူးကို ဖိအားသက်ရောက်စေနိုင်တဲ့ ဖိနပ်မျိုး၊ ဒေါက်မြင့်ဖိနပ်မျိုးကို မစီးသင့်ပါဘူး။

 

ဘာတွေရှောင်ကြဉ်ဖို့လိုလဲ

 

ဆောင့်ကြောင့်ထိုင်တာ၊ ခြေထောက်ချိတ်ထိုင်တာ၊ လှေကားတက်တာတွေ ရှောင်ကြဉ်ရပါမယ်။ မလွှဲသာလို့ လှေကားတက်ရမယ် ဆိုလည်း တည့်တည့်တက်တာထက် ဘေးလေးစောင်းပြီး ဖြည်းဖြည်းချင်း တက်သင့်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Yun Sandi Nan Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”