ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

ဒူးနာတယ်ဆိုတာ တော်တော်များများဖြစ်တတ်ကြတဲ့ ပြဿနာတစ်ခုပါ။ အသက်ကြီးသူတွေမှ ဒူးနာတာ မဟုတ်ပါဘူး၊ ငယ်တဲ့သူတွေလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် ဒူးနာဝေဒနာခံစားရတတ်ပါတယ်။ ဒူးကိုအားစိုက်အသုံးပြုမှုများလွန်းခြင်း(ဥပမာ -လှေကားအတက်အဆင်းများလွန်းတာ) ထိခိုက်မှုတစ်ခုခုကြောင့်၊ အရိုးပွခြင်း  ကြောင့်၊ အဆစ်နာ၊ ဂေါက်ရောဂါ စတာတွေကြောင့်ပါဝင်ပါတယ်။

 

ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာလာပြီဆိုရင် သက်သာအောင် အကိုက်အခဲပျောက်ဆေး သောက်လိုက်ရင် ပြီးပြီပဲထင်ကြတယ်။ ခဏသက်သာလိုက်၊ ပြန်နာလိုက်၊ ဆေးပြန်သောက်လိုက်နဲ့ သံသရာလည် နေပြီး နောက်ဆုံး အစာအိမ်ထိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးကြောင့် သက်သာနေချိန်မှာပဲဖြစ်ဖြစ်၊ နာကျင်နေချိန်မှာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင်နေနိုင်ရင် ပျောက်ကင်းဖို့ ပိုမြန်ဆန်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို အကြံပြုပေးလိုက်ပါတယ်။

 

၁။ နာတယ်ဆိုပြီး အရမ်းငြိမ်မနေပါနဲ့

နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်တာ သင်သိရဲ့လား။ အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့် ခပ်ဖြည်းဖြည်း  လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကိုအရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။

 

၂။ ဒူးစွပ် စွပ်ပါ 

ဒူးက တော်တော်လေးနာတာဆိုရင် ဒူးစွပ် စွပ်ထားသင့်ပါတယ်။ ဒါမှ ဒူးဆစ်ရဲ့ လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကို အထောက်အကူဖြစ်စေမှာပါ။ အနည်းအကျဉ်းနာတာဆိုရင် ဒူးစွပ်ကြောင့် ဒူးနားတဝိုက် ကြွက်သားတွေကို အားနည်းစေပြီး ရေရှည်မှာ နာကျင်မှုပိုဆိုးစေနိုင်လို့ အမြဲစွပ်ထားဖို့ မလိုပါဘူး။

 

၃။ ရေနွေးအိတ်ကပ်ပါ

နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုတွေကို ခဏတာသက်သာစေဖို့ အထောက်အကူပြုပါတယ်။ လျှပ်စစ်နဲ့ ပလပ်ထိုးအပူပေးရတဲ့ ရေနွေးအိတ်တွေထက် ရေနွေးပူပူထည့်ပြီးသုံးရတဲ့ ရေနွေးအိတ်တွေက ဒူးဆစ်ကို အပူဓာတ်ပေးနိုင်ဖို့ အာနိသင်ပိုကောင်းပါတယ်။

 

၄။ ကိုယ်အလေးချိန်လျှော့ချပါ

ကိုယ်အလေးချိန် များနေတဲ့သူတွေဟာ ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အစားဆင်ခြင် တာတွေနဲ့ အဆီချသင့်ပါတယ်။ ဒါမှ ဒူးဆစ်နဲ့ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ဝန်တွေ လျော့ပါးစေမှာ ဖြစ်ပါတယ်။

 

၅။ ဒူးဆစ်လှုပ်ရှားမှုရှိပါစေ

နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀ လောက်တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေ ခြေထောက်လှုပ်ရှားပေးတာ(ဒူးဆစ်လှုပ်ရှားမှု အနည်းငယ်ပါအောင် ဟိုလှုပ်ဒီလှုပ်ဆိုလည်း ရပါတယ်)မျိုး လုပ်သင့်ပါတယ်။ ကြာရှည်မတ်တပ်ရပ်နေချိန်မှာ (ဥပမာ-အရောင်းဝန်ထမ်းလို ပုံသေရပ်နေရတဲ့အခြေအနေမျိုး) မိနစ် ၃၀ လောက်တစ်ကြိမ် ဟိုလျှောက် ဒီလျှောက်လုပ်တာ ဒါမှမဟုတ် ခဏလောက်ထိုင်လိုက်တာမျိုး လုပ်သင့်ပါတယ်။

 

၆။ ရှောင်ကြဉ်ဖို့

ဆောင့်ကြောင့်ထိုင်တာ၊ ခြေထောက်ချိတ်ထိုင်တာ၊ လှေကားတက်တာတွေ ရှောင်ကြဉ်ရပါမယ်။ မလွှဲသာ လို့ လှေကား တက်ရမယ်ဆိုလည်း တည့်တည့်တက်တာထက် ဘေးလေး စောင်းပြီး ဖြည်းဖြည်းချင်း တက်သင့်ပါတယ်။

 

၇။ ဖိနပ်

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကို ရွေးချယ်သင့်ပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျအောင်၊ ဒူးကိုဖိအားသက်ရောက်စေနိုင်တဲ့ ဖိနပ်မျိုး၊ ဒေါက်မြင့်ဖိနပ်မျိုးကို မစီးသင့်ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%20sayarwon%20%282%29_0.jpg

SHARE THIS ON SOCIAL MEDIA