၁၀ နိုဝင်ဘာ

 

နေ့တိုင်း စိတ်ရှိတိုင်းသွားလာနိုင်စေဖို့ လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတစ်ခုရှိတယ်နော်။ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ထဖို့ ပြေးလွှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနေတာက ဒူးခေါင်းပါ။ ဒူးခေါင်းက ကျန်မာမှ စိတ်သွားတိုင်ကိုယ်ပါမှာပါ။ ဒူးနာတဲ့အခါ ထိုင်ရ၊ ထရ ခက်သလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ ဒီတစ်ခေါက်တော့ ဒူးနာနေတာကို သက်သာစေဖို့အတွက် စာပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးပါရစေနော်။

 

ဒူးနာသက်သာစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေ

 

ဒူးနာသက်သာစေဖို့ ဘာတွေစားကြမလဲ…….

 

မုန်လာဥနီ

 

မုန်လာဥနီစားပေးတာက ဒူးနာတာကို သက်သာစေနိုင်တယ်လို့ တရုတ်လူမျိုးတွေက ရှေးယခင် ကာလတွေကတည်းက လက်ခံယုံကြည်ခဲ့ကြတာပါ။ မုန်လာဥနီမှာ နာကျင်ရောင်ရမ်းမှုကို လျော့ပါး သက်သာစေနိုင်တဲ့ ဘီတကယ်လ်ရိုတင်းနဲ့ ဗီတာမင် A တို့ပါဝင်နေပါတယ်။ ဒါကြောင့် ဒူးနာတတ်တယ်ဆိုရင် မုန်လာဥနီကို ချက်ပြီးဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် စားပေးလို့ရပါတယ်။ တစ်နေ့ကို မုန်လာဥနီ အရွယ်တော် နှစ်လုံးလောက်စားပေးတာက ဒူးနာတာကို သိသိသာသာသက်သာစေမှာပါ။

 

နနွင်း

 

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းက နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဒူးနာတာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

 

ချင်း (ဂျင်း)

 

ဒူးနာသက်သာစေဖို့ ချင်း (ဂျင်း) ကိုစားပေးလို့ရသလို ဒူးနာတဲ့နေရာမှာ ကြိတ်ခြေပြီး ကပ်ပေးလို့လည်း ရပါတယ်။ ချင်း (ဂျင်း) က အနံ့အရသာပြည့်စုံသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေသူတွေအနေနဲ့ ချင်း (ဂျင်း)ကို ဆေးဖြစ် ဝါးဖြစ်အနေနဲ့ စားသုံးပေးလို့ ရပါတယ်။

 

သစ်ကြားသီး

 

သစ်ကြားသီးမှာ Omega-3 fatty acid နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာသက်သာစေဖို့ တစ်နေ့ကို သစ်ကြားသီး နှစ်လုံးစားပေးပါ။

 

မုန်ညှင်းဆီ

 

မုန်ညှင်းဆီက သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒူးနာနေတဲ့နေရာကို မုန်ညှင်းဆီလူးပေးပြီး ညင်ညင်သာသာလေး နှိပ်နယ်ပေးတာက ဒူးနာတာကို အကောင်းဆုံးသက်သ စေနိုင်မှာပါ။

 

ထောပတ်သီး

 

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီပါဝင်နေတာကြောင့် ဒူးနာသူတွေအနေနဲ့ စားပေးသင့်တဲ့ အစားအစာ တစ်ခုပါ။ ဒါကြောင့် ဒူးနာသက်သာချင်တယ်ဆိုရင် ထောပတ်သီးလေး ပုံမှန်စားပေးလို့လည်း ရပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်လောက် ထောပတ်သီးစားပေးတာက ဒူးနာတာကို သက်သာစေမှာပါ။

 

ဒူးနာတာကို သက်ချင်တယ်ဆိုရင်တော့ အခုပြောခဲ့တာလေးတွေကို သတိထားစားပေးလိုက်ရုံပါနော်။

 

ရေးသားသူ- Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”