ရန်ကုန် ၂၂ မတ်
နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဇာတ်လမ်း အောင်မျိုးသွင်၊ ဇာတ်ညွန်း လွမ်းဝေအောင်၊ ဒါရိုက်တာနေပိုင် ရိုက်ကူးသည့် ''ဒယ်ဒီဖားကင်'' ရုပ်ရှင်ဇာတ်ကား အထူးပွဲကို မတ် ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသခဲ့သည်။

အဆိုပါ ''ဒယ်ဒီဖားကင်'' ရုပ်ရှင်ဇာတ်ကားတွင် မြင့်မြတ်၊ လွင်မိုး၊ ရဲအောင်၊ အိချောပို၊ အရိုင်း၊ ငှက်ပျောကြော်၊ K ညီ၊ ပွင့်နှင့် နာမည်ကြီးသရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားသည်။

သရုပ်ဆောင် လွင်မိုးက ''ဒီဇာတ်ကားက ညီလေးမြင့်မြတ်နဲ့ ရုပ်ရှင်လောကမှာ ပထမဆုံးစပြီး ရိုက်တဲ့ဇာတ်ကားပါ။ တစ်ခါမှ မဆုံဘူးဖူး။ ဒီဇာတ်ကားက ကျွန်တော် နေရာမှာ တကယ်သရုပ်ဆောင်မှာက ကိုဇာဂနာ ဖြစ်ပါတယ်။ ကိုဇာဂနာ ကျန်းမာရေး မကောင်းလို့ သရုပ်မဆောင်ဖြစ်လို့ ထုတ်လုပ်သူက ကမ်းလှမ်းပါတယ်။ အဲ့ဒါနဲ့ ရိုက်ဖြစ်သွားတာပါ'' ဟု ပြောသည်။
''ဒယ်ဒီဖားကင်'' ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ်က ရှမ်းပြည်နယ် ကလောမြို့ တောင်ပေါ်ရွာတွင် ရိုက်ကူးခဲ့ပြီး နာမည်ကျော် အနုပညာရှင်များ၏ ပီပြင်သော သရုပ်ဆောင်ချက်များကြောင့် မပြုံးဘဲ ဝါးလုံးကွဲ ရယ်မောရမည့် ဇာတ်ဝင်ခန်းများ၊ ကျေးလက်တောရွာ၏ အလှအပများကို သဘာဝကျကျ ပုံဖော်ဖန်တီး ရိုက်ကူးချက်များဖြင့် ရိုက်ကူးထားသည့် ကျေးလက်အချစ်ဟာသ ဇာတ်မြူး ဇာတ်လမ်း အမျိုးအစား ဟာသ ရုပ်ရှင်ဇာတ်ကားကို မတ် ၂၂ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်သည်။
(သတင်း၊ဓာတ်ပုံ/ မင်းသစ်(MNA)