နေပြည်တော် ၃၁ အောက်တိုဘာ
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ က e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး၏ ပြီးခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို လုပ်ငန်းကော်မတီ အတွင်းရေးမှူးမှ စောင့်ကြည့်လေ့လာပြီး အမြဲမပြတ်တိုက်တွန်း ဆောင်ရွက်နေရန်လိုအပ်ပါကြောင်း၊ တတိယအကြိမ် အစည်းအဝေးတွင် မြန်မာစာယူနီကုဒ် စံစနစ်ကို တစ်နိုင်ငံလုံးတစ်ပြေးညီပြောင်းလဲ သုံးစွဲသွားရန် ဦးဆောင်ကော်မတီကို တင်ပြအတည်ပြုချက်ရယူပြီး ပြောင်းလဲ သုံးစွဲနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာစာယူနီကုဒ်စံစနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးသန့်သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ Migration Plan အတိုင်းအရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ထို့ပြင် e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆင့်မြင့်ပုဂ္ဂလိက Data Center ငှားရမ်းနိုင်ရေး စိစစ်ရေးကော်မတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစိစစ်ရေး ကော်မတီမှ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးဆောင်ကော်မတီသို့ တင်ပြရမည်ဖြစ်သည့် အတွက် လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ဦးဆောင်ကော်မတီက e-Government Master Plan တွင်ပါရှိသည့် လုပ်ငန်းစဉ် များအတိုင်း အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆိုက်ဘာလုံခြုံရေးစသည့် လိုအပ်ချက်များကိုကူညီ ဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်းနှင့် အချို့ဌာန၊ အဖွဲ့အစည်းများမှ စတင်ဆောင်ရွက်နေပြီ ဖြစ်သည့် Online ပြည့်သူ့ဝန်ဆောင်မှုစနစ်များတွင် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက ကူညီဖြေရှင်းပေးရန်၊ ပိုမိုအရည် အသွေးမြင့်မားပြီး စိတ်ချစွာသုံးစွဲနိုင်သည့် Online ဝန်ဆောင် မှုစနစ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများတွင် ကူညီဆောင်ရွက်ပေးရမည့် တာဝန်ရှိပါကြောင်း။
အစည်းအဝေးကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် မိမိတို့နိုင်ငံ၏ e-Government စနစ်ကိုအောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် မကြာခင်ကျင်းပမည့် ဦးဆောင်ကော်မတီ အစည်းအဝေးတွင် တင်ပြအဆုံး အဖြတ်ခံယူရမည့်အချက်များ၊ အခက်အခဲ၊ အတားအဆီးများကိုလည်း ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် အစိုးရ၏ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ မြန်ဆန်လွယ်ကူထိရောက်စွာ ဖြန့်ဖြူးပေး နိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အကြား အစိုးရ၏လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် လျင်မြန်လာစေရန် e-Government စနစ်ကို ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်မိန့်ကြားခဲ့သည့်အတိုင်း နိုင်ငံတော်အစိုးရ ယန္တရားတွင် ပါဝင်သောဌာနများသည် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် CIO များ ခန့်အပ်၍ တာဝန်ပေးအပ်ရန်နှင့် လုပ်ငန်းများအမှန်တကယ် ဆောင်ရွက်သွားနိုင်ရန်အတွက် ဌာနတစ်ရပ်အားဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက Video Conferencing စနစ်ကိုခရိုင်ရုံးများအဆင့်အထိ တပ်ဆင် အသုံးပြုနိုင်ရေးကိစ္စ၊ Cyber Security Law ထုတ်ပြန်နိုင်ရေး၊ Data Policy ဆိုင်ရာ အချက်အလက်များ အဆင့်ခွဲခြား သတ်မှတ်နိုင်ရေး၊ CIO ၏ လုပ်ငန်းတာဝန်များ သတ်မှတ်တာဝန်ပေးအပ်နိုင်ရေး၊ အစိုးရ ဗဟိုရုံးများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် e-Government ဌာနများဖွဲ့စည်း သွားနိုင်ရေးနှင့် e-Government ဆိုင်ရာအသုံးစရိတ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်စာရင်းကောက်ခံနိုင်ရေး ကိစ္စတို့နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီဥက္က္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် သိသင့်သိထိုက်သည့် လုပ်ငန်းကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး e-Government အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဦးကြည်မင်း၊ ဦးသာဦး၊ ဒေါက်တာရဲမြင့်ဆွေ၊ ဦးအောင်ထူးနှင့် ဦးလှမော်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဝင်းမော်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နာယကနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


