နေပြည်တော် ဩဂုတ် ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် “e-Government ဆိုင်ရာ Firewall Administration User Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ဒီဂျစ်တယ်ခေတ်တွင် ဆက်သွယ်ရေးစနစ်များနှင့် ICT နည်းပညာများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အကျိုးကျေးဇူးများရှိသ ကဲ့သို့တစ်ချိန်တည်းတွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာ ရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများ ကိုလည်း ရင်ဆိုင်လာရပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေး အတွက် GNE Co., Ltd နှင့် ပူးပေါင်း၍ Firewall - FortiGate 101F (Hardware) ကို တပ်ဆင်ထားရှိပြီးဖြစ်၍ Firewall တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှုများ နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ သိရှိနားလည်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမည့် သင်ခန်းစာများအပေါ် သေချာစွာ လေ့လာသင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့ကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများ ပိုမို ထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေး အနက်ထား မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ GNE Co., Ltd မှ Branch Office Manager က သင်တန်းနည်းပြဆရာ များနှင့် မိတ်ဆက်ပေးပြီး Powerpoint ဖြင့် ရှင်းလင်းတင်ပြပီုး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ အဆိုပါ သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး တက်ရောက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောလင်းအောင်နှင့် အတူ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပဲခူးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ရုံးသို့လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုဘဏ္ဍာ ရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေး ဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများ ရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ညွှန်ကြားရေး မှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


