နေပြည်တော်၊ အောက်တိုဘာ ၂၈  

 

နိုင်ငံတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် PR (Permanent Residence)ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေ အခွန်ဆောင် နိုင်ငံခြားသားများ စသည်တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း e-ID  စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောကြားသည်။

 

e-Government စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် e-ID စနစ် လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက e-ID စနစ်လုပ်ငန်းကော်မတီသည် ပြည်တွင်းနည်းပညာ အကြံပေး အဖွဲ့ဝင်များ၊ ပြည်တွင်းနည်းပညာဆိုင်ရာ ပညာရှင်များဖြင့် ညှိနှိုင်းပေါင်းစပ်ကာ System Architecture Design၊ e-ID စနစ်ဆိုင်ရာ စီမံချက် Master Plan ၊ နည်းဥပဒေနှင့် နိုင်ငံခြားသား အကြံပေး ငှားရမ်းခြင်းဆိုင်ရာ TOR (Term of Reference) ရေးဆွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်တွင်းမှ နည်းပညာရှင်များ၏ အကူအညီဖြင့် Software ရေးဆွဲကာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မိမိတို့ဌာန၏ မြို့နယ်ရုံးများရှိ နိုင်-၄ မှတ်တမ်း (၅၂) သန်းကျော်ကို e-ID Biographic Registration System အတွင်း ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ FRC ၊ PR ရရှိသူတို့၏ အချက်အလက်များကိုလည်း Database Server အတွင်းသို့ ဆက်လက်ထည့်သွင်းခဲ့ပါ ကြောင်း၊ ထို့ပြင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) (၁၃) သန်းကျော်ကို နိုင်-၄ Database Server မှတစ်ဆင့်ချိတ်ဆက်၍ Household Registration Software Program အတွင်းသို့ ထည့်သွင်း ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆိုက်ဘာလုံခြုံရေး အစီအမံများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချက်အလက်များ မှန်ကန်ပြည့်စုံ တိကျစေရေးအတွက်လည်း နည်းပညာနှင့် မူဝါဒဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

 

ပထမဆင့် e-ID စနစ်ဖြင့် ကောက်ယူမည့် ဦးတည်အုပ်စုများ လျာထားဆောင်ရွက်၍ လာမည့် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project ဖြင့် ဇီဝဆိုင်ရာ အချက်အလက်များ (Biometrics)ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး e-ID စနစ်ဆောင်ရွက်မည့် နည်းပညာဆိုင်ရာ ပစ္စည်းများရရှိပါက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်လက်ကောက်ယူနိုင်ရေး အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ e-ID စနစ် အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ လူတစ်ဦးချင်းစီ၏ မှန်ကန်သော အချက်အလက်များရရှိပြီး နိုင်ငံတော်၏ e-Government စနစ်နှင့် National Database စနစ်ကို အကောင်အထည်ဖော်ရာတွင် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် e-ID စနစ်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အပေါ် အဖက်ဖက်ကသုံးသပ်ကာ ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါ ကြောင်း ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာန အသီးသီးမှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် တင်ဒါခေါ်ယူရာတွင် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

 

ဆက်လက်၍ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က တင်ဒါခေါ်ယူရေးနှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဆပ်ကော်မတီအလိုက် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လည်းကောင်း  ဆွေးနွေးတင်ပြကြသည်များကို ထပ်မံသုံးသပ်အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)