ရန်ကုန်   ၁   အောက်တိုဘာ  

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အစိုးရအဖွဲ့အစည်းအောက်ရှိ e-  Government လုပ် ငန်းစဉ်များအား အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ပြောကြားသည်။ 

 

ယနေ့ ဒုတိယအကြိမ်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းဖြစ်သော လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ မေးခွန်းမှာ  ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ဟာ နှစ်စဉ်လျာထား ဘတ်ဂျက်တွေမှာ e-Government လုပ်ငန်းစဉ်အတွက် နှစ်စဉ်အသုံးစရိတ် ထည့်သွင်းထားတာကို တွေ့ရ ပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တာနဲ့အညီ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန်းသစ်တည်ထွင်မှုတွေကို အုပ်ချုပ်မှု ကောင်မွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ ပြည်သူတွေကို  မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နဲ့ လုပ်ကိုင်ဆောင် ရွက် ပေးနိုင်ရန် e-Government လုပ်ငန်းစဉ်ဟာ အကောင်ဆုံး လုပ်ဆောင်ပေးနိုင်မယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။  ဒါပေမယ့် ခုချိန်မှာတော့ e-Government လုပ်ငန်းစဉ်အနေနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်တဲ့အထိ ရောက်မ လာသေးပါဘူး။ လုပ်ငန်းစဉ်ထဲမှာ အစိုးရက ကြော်ငြာချက်တွေ၊ တင်ဒါတွေနဲ့ တချို့လုပ်ငန်းစဉ်တွေပဲ တွေ့ရပါသေးတယ်။ လူဦးရေ သန်ခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ဆောက်လုပ်ရေးဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ ဘဏ်လုပ်ငန်းဆိုင်ရာတွေ၊ စက်မှုလုပ်ငန်းဆိုင်ရာတွေနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာကအစ သေသေချာချာ လုပ် ဆောင်ထားတာ မတွေ့ရသေးပါဘူး။ ရန်ကုန်မြို့ပြည်သူတွေအတွက် အဓိက ဝန်ဆောင်မှုပေးနေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ကနေ လုပ်ငန်းတွေကို ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရနဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ရဲ့ e- Government လုပ်ငန်းစဉ်များကို မည်သည့် ကာလကတည်းက ဆောင်ရွက်နေပြီး၊ ယနေ့ထိ လုပ်ငန်းစဉ်များ မည်မျှဆောင်ရွက်ပေးနေပါသလဲ။ e-Government လုပ်ငန်းစဉ်စနစ်ကို ထိရောက်စွာ အကောင်ထည်ဖော်နိုင်ရန် မည်သို့စီမံဆောင်ရွက် နေပါသလဲ။  မြို့နယ် တစ်မြို့နယ်ချင်းစီအား e-  Government လုပ်ငန်းစဉ်စနစ် အောင်မြင်အောင် ပိုင်းလော့ပရောဂျက် အစီအစဉ် ရှိ/မရှိ သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။ 

 

ယင်းကြယ်ပွင့်ပြ မေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ e-Government လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ဖြေကြားသွားမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ ငါးနှစ်တာကာလအတွင်း အပြောင်းအလဲ တွေအများကြီး လုပ်ဖို့ဆို ICT နည်းပညာသုံးမှ ရမှာဖြစ်ပါတယ်။ ဒါကြောင့် e-Government လုပ်ငန်းစဉ်တွေကို တာဝန်ယူစကပင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ဇွန်လမှာ အကောင်အထည် ဖော်ခြင်းလုပ်ငန်းတွေ အရှိန်အဟုန် ပြင်းပြီးတော့ စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ နေပြည်တော်မှာကျင်းပတဲ့ e-Government ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ပြပွဲမှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ e-Government လုပ်ငန်းဆိုတာက အစိုးရအဆက်ဆက် ပြောင်းလိုက်တိုင်း ဘယ်အစိုးရတက်တက် ဆက်လက်ဆောင် ရွက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်အောင်ဖန်တီးဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အုပ်ချုပ်မှုကို ဗဟိုပြုဆောင်ရွက်တာ ဖြစ်ပါတယ်။ နှစ်နှစ်ခွဲကာလမှာ အစိုးရအနေနဲ့ အရာထမ်း၊ အမှုထမ်းများ နစ္စဓူဝ ရုံးလုပ်ငန်းစဉ်တွေဖြစ်တဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ခေတ်မီတဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကိရိယာတွေကို အသုံးပြုပြီး တိကျမြန် ဆန်စွာ ဆောင်ရွက်ဖို့ အဓိကထားပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

e-Government လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လတ်တလော ဝန်းထမ်း ၂၀ ကို သင်တန်းပို့ချခဲ့ပြီး ဆက်လက်၍ ဝန်ထမ်း ၁၀ဝ ကို သင်တန်းပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်