နေပြည်တော် မေ ၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို မေ ၆ ရက် နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက e-Government စနစ်၏ အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ်လုပ်ငန်းကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစနစ်လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ e-ID စနစ်လုပ်ငန်းအား ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်သည်ဆိုသော်လည်း ယခင်ကတည်းက အောက်ခြေအဆင့်လုပ်ငန်းများကို အဆင်ဆင့်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ e-ID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးစီးဌာန ဖွဲ့စည်းမှုနှင့် လိုအပ်သောဝန်ထမ်းများ ခန့်အပ်တာဝန်ပေးမှုတို့ကို ဆောင်ရွက်ပြီး အဆောက်အအုံ ဆောက်လုပ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆိုင်ရာ လိုအပ်သည့်အဖွဲ့များ ဖွဲ့စည်း၍ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ e-ID စနစ်ကို Unit-ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ Unit–ID ကောက်ယူရာတွင် ယခုကာလအတွင်း နယ်မြေလုံခြုံရေးအခြေအနေ၊ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များအပေါ်မူတည်၍ မြို့နယ် ၈၁ မြို့နယ်ကို ရွေးချယ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း။
လက်ရှိအခြေအနေတွင် မိမိတို့ဌာနမှ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ နိုင်ငံသားကတ် ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း (နိုင်-၄) မှတ်တမ်းများကို ကွန်ပျူတာများဖြင့် Excel Format ရိုက်သွင်းကာ နေပြည်တော် ရုံးချုပ်သို့ ပေးပို့ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ရုံးချုပ်မှ Software ပြောင်းလဲကာ Server တွင် သိမ်းဆည်းသည့် လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ယခုပြည်တွင်းနည်းပညာ အကြံပေး အဖွဲ့ဝင်များက e-ID စနစ်၏ ဒီဇိုင်းပုံစံ၊ Biometric Data သုံးမျိုးကောက်ယူရာတွင် ဆောင်ရွက်မည့် ပုံစံနှင့် လိုအပ်မည့် Enrollment Kit တွင် ပါရှိရမည့် ပစ္စည်းကိရိယာများ၊ လုပ်ငန်းဆိုင်ရာ နိုင်ငံခြားသား ပညာရှင် ငှားရမ်းနိုင်မည့် အခြေအနေ၊ IT ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ် ကာလအတွင်း e-ID စနစ်နှင့်ပတ်သက်၍ ခြေလှမ်းတစ်လှမ်း၊ နှစ်လှမ်း စသည်ဖြင့် လှမ်းနိုင်သမျှ၊ ပြီးစီးနိုင်သမျှ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့၊ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ အဖွဲ့ဝင်များ၏ အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြပြီး ပြည်တွင်းနည်းပညာ အကြံပေးအဖွဲ့ အဖွဲ့ဝင်များက e-ID စနစ်လုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံတကာ၌ ဆောင်ရွက်နေသည့် နည်းပညာဒီဇိုင်းပုံစံများနှင့် အားနည်းချက်၊ အားသားချက်များ၊ မိမိနိုင်ငံအတွက် ဆောင်ရွက်သင့်သည့် ဒီဇိုင်းပုံစံ၊ နည်းပညာ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ၊ နယ်ပယ်အသီးသီးသို့ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ရန် နည်းလမ်းများနှင့်အသုံးပြုမည့်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်ရေးအခြေအနေများ၊ e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော်ရာတွင် လုပ်နည်းလုပ်ဟန်နှင့် အချိန်ကာလသတ်မှတ်ချက်၊ နည်းပညာ ဆိုင်ရာ နိုင်ငံခြားသားအကြံပေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်