mdn

နေပြည်တော် ၁ နိုဝင်ဘာ

 

မြန်မာနိုင်ငံ၏ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက  e-Government စနစ် အကောင်အထည်ဖော်ရာမှာ အခြေခံကျသည့် နိုင်ငံတွင်းနေထိုင်သူများကို နည်းပညာအသုံးပြု၍ မှတ်ပုံတင်သည့် e-ID စနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် e-ID စနစ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီတို့မှ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆို၍ အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပါကြောင်း။

 

 ဩစတြီးယားနိုင်ငံ OeSD မှ e-ID စနစ် တည်ဆောက်ရန်အတွက် အဆိုပြုတင်ပြသည့် စီမံကိန်းအဆိုပြုလွှာကို ဆက်စပ်ဝန်ကြီးဌာနများ၊ e-ID စနစ်လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီများ၊ အထူးသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU)၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် အခြေခံအဆောက်အဦ၊ စနစ်နှင့်ပုံစံ ဒီဇိုင်းဆပ်ကော်မတီနှင့် ဆိုက်ဘာလုံခြုံရေးဆပ်ကော်မတီ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့အား လေ့လာသုံးသပ်အကြံပြုချက်များ တောင်းခံခဲ့ကြပါကြောင်း၊ ယင်းလေ့လာသုံးသပ်အကြံပြုချက်အပေါ် ညှိနှိုင်းအစည်း အဝေးများ ကျင်းပဆောင်ရွက်ခဲ့ပြီး ဩစတြီးယားနိုင်ငံ OeSD နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်(မူကြမ်း)ကို ကော်မတီဝင်များ၊ ပညာရှင်အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက် ခဲ့ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ OeSD နှင့် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းရန် လိုအပ်ချက် များကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ OeSD ကုမ္ပဏီမှ တာဝန်ရှိသူများသည်လည်း မြန်မာနိုင်ငံသို့ လာရောက်၍ လုပ်ငန်းနှင့် ပတ်သက်သည့်ကော်မတီများ၊ အဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှု များအပေါ် လုပ်ငန်းသဘောတူစာချုပ်ကို အကြိမ်ကြိမ် ပြင်ဆင်ဆောင်ရွက်ခဲ့ရာမှာ လက်ခံပြင်ဆင်ပေးသည့် အချက်အလက်များရှိသကဲ့သို့ ဩစတြီးယားနိုင်ငံ၏မူဝါဒအရ ပြင်ဆင်ပေးခြင်းမရှိသည့် အချက်များကိုလည်း တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအခြေအနေအရ လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) ကို အဓိကဆွေးနွေးရန် ကျန်ရှိသည့်အချက်မှာ ချေးငွေပေးချေမှုအပိုင်းဖြစ်ပါကြောင်း၊ OeSD က အဆိုပြုထားသည့်ပေးချေမှု၊ DACU က သဘောထားမှတ်ချက်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အကြံပြုချက်များအပေါ် ညှိနှိုင်းနေဆဲဖြစ်ပြီး ဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ၏ အကြံပြုချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

 

လုပ်ငန်းသဘောတူစာချုပ် နောက်ဆုံးပြင်ဆင် ထားမှုအခြေအနေကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီး သဘောထားမှတ်ချက် တောင်းခံထားပြီးဖြစ်ပါကြောင်း၊ e-ID စနစ်တွင် Enrolment ဆောင်ရွက်ပြီးပါက နံပါတ်တစ်ခုပေးပြီး ကတ်ပြားထုတ်နိုင်ရန်အတွက် အသေးစိတ်အစီအမံကို လည်းတင်ပြရန် ညှိနှိုင်းထားပါကြောင်း၊ အသေးစိတ် အချက်အလက်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အချိန်ကိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ရေးဆွဲပြုစုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ e-ID စနစ် လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းသဘောတူစာချုပ် အပြီးသတ်ဆွေးနွေးပြီးပါက စီးပွားရေးရာကော်မတီသို့ပြန် လည်တင်ပြခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ အမြန်ဆုံးတင်ပြ ခွင့်ပြုချက်တောင်းခံခြင်းတို့ကို ဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တက်ရောက်လာကြသူများအနေဖြင့် လုပ်ငန်း သဘောတူစာချုပ် (မူကြမ်း)အပေါ် ထပ်မံပြီး ပြင်ဆင်/ဖြည့်စွက်လိုသည်များကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေး ပေးကြရန် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။  

 

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသာဦး၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးသက်အောင်တို့က e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များနှင့် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီနှင့် ချုပ်ဆိုမည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း)တို့အပေါ် သုံးသပ်အကြံပြုထားရှိမှု အခြေအနေ၊ နိုင်ငံတော်၏အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်သည်နှင့်အညီ စာချုပ် (မူကြမ်း) အား အသေးစိတ်ဆွေးနွေးရန်လိုအပ်ပုံ၊ ဩစတြီးယားနိုင်ငံအစိုးရ၏ ချေးငွေအပေါ် DACU အဖွဲ့မှ သုံးသပ်အကြံပြုချက်များ၊ စာချုပ်၏သဘောသဘာဝအရ မချုပ်ဆိုမီ အဖက်ဖက်မှ ဝိုင်းဝန်းသုံးသပ်အကြံပြု ဆွေးနွေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။  

 

ယင်းနောက် တက်ရောက်လာကြသူများသည် ဝန်ကြီးဌာနနှင့် OeSD ကုမ္ပဏီတို့အကြား ချုပ်ဆိုမည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) နှင့်ပတ်သက်၍ ပါဝင်သည့် အချက်(၁)ချက်ချင်းစီအပေါ် အသီးသီးသုံးသပ်အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ ယခု အကြံပြုညှိနှိုင်းဆွေးနွေးမှုများကို ပြင်ဆင်ပြီးပါက OeSD သို့ ဆက်သွယ်ပေးပို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး e-ID စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

 

သတင်းစဉ်