နေပြည်တော် ၂၈ ဇူလိုင်

 

ပါမောက္ခချုပ်များကော်မတီက ကြီးမှူး၍ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန် ရည်ရွယ်လျက် ကိုဗစ်-၁၉ကာလ ပညာရေးလုပ်ငန်းများ အောင်မြင်ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ သက်ဆိုင်ရာဆရာဆရာမများအား e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်သုံး၍ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် စုပေါင်းအားဖြင့်ရုန်း၍ အားဖြည့်ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း၊ တာဝန်ယူ တာဝန်ခံပြီး ပူးပေါင်းဆောင်ရွက်တတ်၍ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရေးအတွက် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူငယ်တန်း +၁၂ တန်း အခြေခံပညာရေးနှင့် လိုက်လျောညီထွေရှိသည့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ မြှင့်တင်ခြင်း၊ ၂၁ ရာစုဆိုင်ရာ တတ်ကျွမ်းမှုများ ရရှိစေမည့် သင်ကြားသင်ယူမှုနည်းလမ်း၊ စစ်ဆေးအကဲဖြတ်ခြင်းများနှင့် အသုံးချသုတေသန၊ စီမံခန့်ခွဲမှုဆိုင်ရာများတွင် လက်တွေ့ကျသော တိုးတက်မှုများ၊ တန်ဖိုးထားမှုများ၊ သင်ယူတတ်မြောက်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ရေးအတွက် အားသာချက်များ၊ အားနည်းချက်များကို ပူးပေါင်းတာဝန် ယူတာဝန်ခံပြီး လေ့လာဆန်းစစ်အကဲဖြတ်သုံးသပ်ကာ  ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ကောင်း ရရှိရန်၊ သင်ယူသူများ၏ အနာဂတ် ဘဝသာယာလှပရန်လိုအပ်သော ယဉ်ပြိုင်နိုင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးအတွက် ဒေသအကျိုးပြု ဘွဲ့သင်တန်းများ၊ ဒေသအကျိုးပြုစွမ်းဆောင်ရည် မြင့်မားရေးကာလတိုနှင့် ကာလရှည်သင်တန်းများ၊ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အရေးကြီးပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုလျင်မြန်သော ယနေ့ခေတ်ကာလတွင် စာသင်ခန်းတွင်းသင်ယူခြင်း၊ အွန်လိုင်းသင်ယူခြင်း၊ အော့ဖ်လိုင်းသင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်း စသည့် သင်ကြားသင်ယူမှု နည်းလမ်းပေါင်းစုံဖြင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊

 

မြန်မာနိုင်ငံရှိ ကျောင်း၊ သိပ္ပံ၊ ကောလိပ်၊ ဒီဂရီကောလိပ်၊ တက္ကသိုလ်များတွင် နှစ်ပေါင်းများစွာ ပညာရေးအားနည်းခဲ့သဖြင့် ဆရာ၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ စာသင်ခန်း၊ စာသင်ခုံ၊ လက်တွေ့ခန်းပစ္စည်းများ၊ သန့်စင်ခန်း၊ စားသောက်ဆိုင်၊ စာကြည့်တိုက်၊ အိုင်စီတီ၊ အိပ်ဆောင်၊ အိမ်ရာ စသည့် အဓိကလိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများစွာတို့ကို ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်နေရသောကြောင့် ယခုအချိန်တွင် နည်းပညာနှင့်ပတ်သက်၍ အဆင်သင့်မဖြစ်သေးသော်လည်း တက္ကသိုလ်များတွင် Websiteများ တည်ဆောက်ခြင်း၊ အီးမေးလ်များ အသုံးပြုရန် အားပေးခြင်း၊ ဝန်ကြီးဌာနတွင် Myanmar Digital Education Platform တည်ဆောက်ခြင်း၊ အွန်လိုင်းသင်တန်းများ စီစဉ်ဆောင်ရွက်ခြင်း၊ အွန်လိုင်းသင်ယူမှုအတွက် လိုအပ်သော e-Books and References, e-Learning Resources, e-Learning Management System များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဆောင်ရွက်ခြင်းတို့ကို အားပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့သင်တန်းအတွက် ဦးစီးဆောင်ရွက်ကြသည့် ပါမောက္ခချုပ်များကော်မတီ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်း သူများအားလုံးနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးတို့ကို ကျေးဇူးအထူးတင်ရှိ မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။

 

အခြေခံ e – Learning Management System ဆိုင်ရာ လက်တွေ့အသုံးချ သင်တန်းများကို ပါမောက္ခချုပ်များကော်မတီ၊ ပြန်ကြားရေး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာလုပ်ငန်းအဖွဲ့မှ မော်ဂျူး ၁၀ ခုဖြင့် အွန်လိုင်းစနစ်သုံးကာ ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းများကို ကျောင်းများအလိုက် Zoom Application; ID နှင့် Password များ တစ်ပါတည်းပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်