နေပြည်တော် ၁၀ ဇန်နဝါရီ
Ease of Doing Business အထောက်အကူပြုအဖွဲ့ဝင်များနှင့် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်များ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားတင်ပို့ရာတွင် ကြုံတွေ့ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ Ease of Doing Business သည် အရေးကြီးသည်မှာ သိသာပါကြောင်း၊ ယခင်နှစ်များကလည်း Doing Business ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ၏ အဆင့်တိုးတက်မှု မရှိခဲ့သော်လည်း အမှတ်အနည်းငယ် မြင့်တက်လာခဲ့ရာ လျှပ်စစ်နှင့် စည်ပင်သာယာရေးရာ ကဏ္ဍတို့မှာ သိသာထင်ရှားခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ (၅) လအတွင်း Doing Business ဆိုင်ရာ ဆောင်ရွက်နိုင်မည့် Reform များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ အညွှန်းကိန်းတစ်ခုကို တစ်နှစ်လျှင် အနည်းဆုံး Reform (၃) ခုခန့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
လာမည့် ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်မည့် ကမ္ဘာ့ဘဏ်၏ Doing Business ဆိုင်ရာ အစီရင်ခံစာအတွက် ကမ္ဘာ့ဘဏ်သို့ ပေးပို့ရမည့် အချက်အလက်များနှင့် သတ်မှတ်ချိန်အတွင်း အသင့်ဆောင်ရွက်ပြီးစီးရမည့် အကြောင်းအရာများကို သက်ဆိုင်ရာ အစိုးရဌာနများမှ ပူးပေါင်းညှိနှိုင်း ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည့်အတွက် ယခုအချိန်မှစပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အညွှန်းကိန်းအလိုက် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်မည့် အထောက်အကူပြု အဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကြံပြု ဆွေးနွေးကြသည်။
(သတင်းစဉ်)