နေပြည်တော်  ၂၈  အောက်တိုဘာ


    
Enhanced Integrated Framework အစီအစဉ်ဆိုင်ရာ မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း ကြီးကြပ်လမ်းညွှန်မှုဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။ 

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုအစီအစဉ် (Aid for Trade) ၏ ဖွံ့ဖြိုးဆဲနိုင်ငံများ ကမ္ဘာ့ကုန်သွယ်မှုစနစ်အတွင်း ပေါင်းစည်းပါဝင်ခြင်း တိုးချဲ့ဆောင်ရွက်မှု မူဘောင် (Enhanced Integrated Framework) ကို ပါဝင်ဆောင်ရွက်လာခဲ့ရာ ယခုအခါ ဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ဒုတိယအဆင့်တွင် မြန်မာနိုင်ငံဝန်ဆောင်မှု ကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း (Myanmar Services Trade Enhancement Project) ကို အကောင်အထည် ဖော်လျှက်ရှိပြီး ဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှာ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ component များ၏ တစ်နှစ်တာအကောင်အထည် ဖော်မှုအစီရင်ခံစာ၊ ကမ္ဘာ့ဘဏ်၏ သုံးသပ်မှု အစီရင်ခံစာနှင့် e-commerce strategy အကောင်အထည်ဖော်မှု အစီရင်ခံစာများကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ နောင် (၆) လ၌ ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာ အချက်များကို ဆွေးနွေးဆုံးဖြတ်ကြပြီး မိမိတို့၏ ဗဟုသုတ အတွေ့အကြုံများအား အခြေခံကာ ရလဒ်ကောင်းထွက်ပေါ်လာရေး ဆက်လက်ကြိုးပမ်း ကြစေလိုကြောင်း ပြောကြားသည်။ 

 

ထို့နောက် စီမံကိန်းအကောင်အထည်ဖော်နေသူများက ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်နိုင်ရန် အတွက် လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လိုအပ်ချက်များကို လေ့လာထားသည့် အစီရင်ခံစာနှင့် ၎င်းကဏ္ဍအတွက် လိုအပ်သောစွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များကို အတည်ပြုခြင်း၊ စီမံကိန်းဆက်လက်ဆောင်ရွက်မည့် (၆)လစာ အစီအစဉ်များ အတည်ပြုခြင်းများကို ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အပေါ်တွင် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ Enhanced Integrated Framework (EIF) အစီအစဉ်၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြောင်းအရာများအား အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ WTO နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၃၁၆၊ ဖက်စ်-၀၆၇-၄၀၈၃၁၁၊ aidfortradecoordinationunit@ gmail.com တို့သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်သွားနိုင်ကြောင်း သိရသည်။ 

 

သတင်းစဉ်