နေပြည်တော် မတ် ၁၅
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်း ပြည့်ဝသော ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သော ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ်(၆၄)နှင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားစီမံ ခန့်ခွဲမှုပညာ ဒီဂရီကောလိပ်နှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်ဆင်းပွဲတွင် ဒုတိယဝန်ကြီးက အရည်အသွေးပြည့်ဝသော ဧည့်လမ်းညွှန်ကောင်းတစ်ဦး ဖြစ်စေရန်အတွက် ဘာသာစကား ကျွမ်းကျင်မှုသာမက ဗဟုသုတကြွယ်ဝမှု၊ စိတ်ရှည်သည်းခံမှု၊ ခရီးသွား အဖွဲ့ကို ဦးဆောင်နိုင်မှု၊ ခရီးစဉ်အတွင်း အရေးပေါ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ အခြေအနေ တိုင်းကို လိုက်လျော ညီထွေနေနိုင်မှု၊ ပေါင်းသင်းဆက် ဆံရေးပြေပြစ်မှု၊ အကောင်းမြင်စိတ်ရှိမှု စသည့် စွမ်းရည် များပါပြည့်စုံနေကြရမည် ဖြစ်ကြောင်း။
ဧည့်ဝတ်ပျူငှာစွာဖြင့် နိုင်ငံ့ပုံရိပ်ကိုမြှင့်တင်ကြရန်နှင့် ခရီးသွားဧည့်သည်များအတွက် လည်ပတ်ရန် ကောင်းမွန်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတက်ရောက် အောင်မြင်ခဲ့ကြသော သင်တန်းသား သင်တန်းသူ များကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဧည့်လမ်းညွှန်သင်တန်းအမှတ်စဉ်(၆၄)ကို (၃)လအကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ(၂၂)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ်(၁၁) သင်တန်းကို ရက်သတ္တနှစ်ပတ်အကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ(၁၃)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) The Establishment of Bakery & Pastry Training Project အစီအစဉ်ဖြင့် ဖွင့်လှစ်သင် ကြားလျက်ရှိသော မုန့်ဖုတ်နည်းဆရာဖြစ် သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်သင်ကြားနေမှု၊ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြား နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)