၂၇ မေ
မနေ့က နိုင်ငံခြားဇာတ်လမ်းတိုလေးတစ်ခု ကြည့်ဖြစ်သည်။ ဇာတ်လမ်း၏နာမည်က မန်နေဂျာရွေးပွဲတဲ့။ ဇာတ်လမ်းအကျဉ်းက နာမည်ကြီး ကမ္ဘာကျော်ကုမ္ပဏီတစ်ခုက လစာကောင်းသော မန်နေဂျာတစ်ဦး လိုအပ်နေ၍ ယခင်အလုပ်လျှောက်လွှာများထဲမှ ကျန်ရှိသောသူ၁၂ ဦးကို လူတွေ့မေးမြန်းဖို့ တစ်နာရီအတွင်း ရုံးချုပ်သို့လာရောက်ရန် ဖုန်းဆက်ခေါ်သတဲ့။ ခေါ်တဲ့အချိန်ကိုလည်း တစ်ဦးချင်းသတ်မှတ်ထားသတဲ့။ ၁၂ ဦးထဲမှခုနစ်ဦးသာ သတ်မှတ်ချိန်အတွင်းရောက်သတဲ့။ သတ်မှတ်ချိန်အတွင်းရောက်တဲ့ ခုနစ်ဦးကို ခုံတန်းရှည်တွင် ထိုင်ခိုင်းထားပြီး ခုံတန်းရှည်အောက်မှာ စက္ကူစုတ်နှစ်ခုချထားသတဲ့။ မကြာမီ အင်တာဗျူးမယ့် ဘုတ်အဖွဲ့ဝင်တွေလာသတဲ့။
ကိုယ်ပိုင်ဆင်ခြင်တုံတရား
ပထမဆုံးမိန်းကလေး လေးဦးကိုမေးတော့ နိုင်ငံတကာ တက္ကသိုလ်ဘွဲ့တွေတသီကြီးနဲ့ပေါ့။ ယောကျာ်း လေးနှစ်ဦးကို မေးတော့လည်း ထိတ်ထိတ်ကြဲနိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့လက်မှတ်တွေတသီကြီးနဲ့ပေါ့။ သူတို့ကို ဘုတ်အဖွဲ့ဝင်တွေက အလုပ်ခေါ်စာကို စောင့်နေကြရန်ပြောသတဲ့။ သူတို့ မေးသံ၊ ပြောသံတွေကြားနေရတဲ့ နောက်ဆုံးကျန်တဲ့ လူငယ်လေးကတော့ သာမန်ဘွဲ့လက်မှတ်ပဲရှိတော့ စိတ်ညစ်ပြီး အင်တာဗျူးမဖြေဘဲ အခန်းထဲကထွက်ဖို့ပြင်တုန်း သူထိုင်နေတဲ့ခုံတန်းရှည်အောက်မှာ လုံးခြေထားတဲ့စက္ကူစုတ်နှစ်ခုတွေ့တော့ ဖြန့်ပြီးဖတ်ကြည့်လိုက်သည်။ တစ်ခုကဘာမျှမရေးထားတဲ့ လက်သုတ် စက္ကူဖြစ်တော့ အမှိုက်ပုံးထဲထည့်လိုက်သည်။ ကျန်တစ်ခုကို ဖြန့်ကြည့်လိုက်တော့ ကုမ္ပဏီရဲ့ မန်နေဂျာခန့်အပ်လွှာဖြစ်နေလို့ ဘုတ်အဖွဲ့ဝင်တွေထံသွားပြီး စာရွက်ကို တရိုတသေနဲ့ကိုင်ပြီး “ဒီမှာလူကြီးမင်းတို့ရဲ့ အရေးကြီးစာရွက်စာတမ်းပါခင်ဗျာ”လို့ပြောပြီး စာရွက်ကိုပေးကာ အခန်းအပြင်ဘက်ကို ထွက်သွားသတဲ့။ တံခါးပေါက်အပြင်ဘက်ရောက်ခါနီးမှာ ဘုတ်အဖွဲ့ဥက္ကဋ္ဌက “ဒီမှာ လူကြီးမင်းလေး ကုမ္ပဏီမန်နေဂျာ ခန့်အပ်လွှာမှာ လက်မှတ်မထိုး တော့ဘူးလား”လို့ လှမ်းပြောတယ်။ ထိုအခါ အလုပ်လျှောက်တဲ့လူငယ်က ကျွန်တော်နဲ့ ဘာဆိုင်လို့လဲပြန်ပြောတယ်။ ကုမ္ပဏီဥက္ကဋ္ဌက “ငါတို့ ကုမ္ပဏီမှာ ဘွဲ့လက်မှတ်တွေထက် ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ရိုးသားစွာ စေတနာပါပါ ဝေဖန်ပိုင်းခြားဆုံးဖြတ်တတ်တဲ့မန်နေဂျာကိုသာ အလိုရှိတာကြောင့် အခုလိုစက္ကူစုတ်နှစ်ခုကို ဆောင်ရွက်ထားတာဖြစ်ကြောင်း၊ မင်းကိုငါတို့မန်နေဂျာအဖြစ်ရွေးချယ်လိုက်ပြီ။ နောက်နေ့ကစပြီး မန်နေဂျာတာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြောင်း” ပြောခဲ့သည်။ ဇာတ်လမ်းတိုလေးကတော့ ဒါပါပဲ။ ဘွဲ့ လက်မှတ်အထောက်အထားတွေထက် ပင်ကိုရိုးသားစွာ ဆုံးဖြတ်လုပ်ဆောင်မှုသည်သာ လုပ်ငန်းများအတွက်အရေးကြီးကြောင်း ဆိုလိုဟန်ရှိသည်။ ဘာပဲလုပ်လုပ်ကုန်သွယ်တာ၊ ဈေးရောင်းတာ စတာတွေလို ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်မှသာ ကောင်းမွန်သော ဆုလာဘ်ကို ရရှိမည်ဖြစ်ပါသည်။ ရေတိုအကျိုးအမြတ်ရရှိရေးထက် ရေရှည်တိုးတက်ကြီးပွားရေးအတွက်သာ မှန်ကန်သောစေတနာဖြင့် ဆောင်ရွက်သင့်သည်။
ကျွန်တော်ငယ်ငယ်တုန်းက အဘိုးပြောခဲ့ဖူးသော “ငါတို့လူမျိုးက ဧည့်သည်ကိုဦးစားပေးတဲ့လူမျိုးပါ” ဆိုတဲ့ စကားလေးကိုလည်း အမှတ်ရမိသည်။ ပြောခဲ့တဲ့အချိန်က ကုန်သွယ်ရေး (၁) ခေတ်ကလို့ထင်တာပဲ။ အခုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနပေါ့လေ။ လယ်သမားတွေ အခက်အခဲဖြစ်မှာစိုးလို့ကုန်သွယ်ရေးက အမတော်ကြေးငွေတွေကြိုပေးပြီး စပါးပေါ်ချိန်မှာ သတ်မှတ်ဈေးနှုန်းနဲ့ဝယ်ချိန်ပေါ့။ အဘိုးက ရွာသူကြီးလည်းဖြစ်တော့ ခွဲတမ်းသွင်းရမယ့်စပါးတွေကို သေသေချာချာပြာ၊ ဖုန်၊ သဲ၊ အမှိုက်မပါစေနဲ့။ ငါတို့သွင်းတဲ့စပါးတွေကို ကြိတ်ခွဲပြီးစားမယ့် နိုင်ငံ့ဝန်ထမ်းတွေတစ်နည်းအားဖြင့် ဧည့်သည်တွေ ထမင်းကောင်းကောင်း စားနိုင်ကြဖို့ စေတနာထားကြ။ ဧည့်သည်ကိုအိမ်ဦးခန်းမှာထား ဧည့်ဝတ်ပြု ဦးစားပေးတဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းကြတဲ့။ ငယ်စဉ်တုန်းကတော့ ကျွန်တော် သိပ်နားမလည်၊ သေသေချာချာစဉ်းစားကြည့်မှ အဘိုးရဲ့စကားတွေဟာ မှန်နေတာပဲ။ ဘုန်းကြီးကျောင်းထွက်၊ သေစာရှင်စာလောက်သာတတ်တဲ့ အဘိုးရဲ့ အမြော်အမြင်ကြီးမှုတွေကို တဖြည်းဖြည်း နားလည်ခဲ့သည်။
ရောင့်ရဲတင်းတိမ်တတ်
မြန်မာတို့၏စိတ်ရင်းသည် အများအားဖြင့်ဖြူစင်ရိုးသားကြသည်။ ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်တတ်သည်။ မိမိအိမ်ကို ဧည့်သည်လာလျှင်ပျော်သည်။ ကောင်းပေ့ညွန့်ပေ့ဆိုသည့် အစားအစာများနှင့် ဧည့်ခံလိုသည်။ အငတ်ခံ၍ ကျွေးမွေးလိုသည်။ ဧည့်ဝတ်ကျေပွန်မှုကိုအထူးဂရုစိုက်သည်။ အစစအရာရာ ဧည့်သည်ကို ဦးစားပေး သည့် ဓလေ့ထုံးစံသည် ယနေ့အထိ တည်ရှိနေသည်။
ကုန်သွယ်မှုပြုလုပ်ရာတွင်လည်း အလားတူပင်ဖြစ်သည်။ ပြည်ပနိုင်ငံသားဧည့်သည်များ မြန်မာ့လယ်ယာ ထွက်ကုန် သီးနှံတွေကို အရသာရှိစွာ၊ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သူတို့၏ တောင်းဆိုသော စံချိန်၊ စံညွှန်းသတ်မှတ်ချက်များနှင့်အညီ စေတနာထား ဦးစားပေးကာ ဂရုတစိုက် ထုတ်လုပ်တင်ပို့ပေးလျက်ရှိပါ သည်။ အများအားဖြင့် ပြည်ပနိုင်ငံများကို စေတနာအရင်းခံထားကာ တင်ပို့လျက်ရှိကြသည်။ သို့သော် ဆွမ်းဆန်ထဲကြွက်ချေးရောဆိုသလို လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် မသမာသော စီးပွားရေးလုပ်ငန်းရှင်အချို့၏ ပဲထဲကျောက်ခဲထည့်၊ ဆန်ကွဲထဲသဲရောရောင်းချခဲ့၍ မြန်မာ့လယ်ယာထွက်ကုန် ပို့ကုန်ပုံရိပ်ကျဆင်းခဲ့ဖူးသည်။ မကြာမီကလည်း အာဖရိကနိုင်ငံတစ်နိုင်ငံတွင် မြန်မာနိုင်ငံမှ တင်ပို့သောဆန်များကို စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးမှုပုံရိပ်များသည် မီဒီယာများတွင် ကျယ်ပြန့်စွာပါဝင်လာနေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်။
အာရှ၏ စပါးကျီ
တစ်ချိန်က ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဝမ်းရေးအတွက် ဒုက္ခရောက်ချိန်တွင် မြန်မာ့မြေမှ အလျှံအပယ်ထွက်ရှိသော ဆန်စပါးများကို လှူဒါန်းခဲ့သည်။ ဈေးနှုန်းချိုသာစွာဖြင့် တင်ပို့ရောင်းချခဲ့သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံကို အာရှ၏စပါးကျီအဖြစ် တင်စားခေါ်ဝေါ်ကြသည်။ နှစ်စဉ်ဆန်တန်ချိန် သန်း ၃၀ မှ ၅၀ အထိ တင်ပို့ရောင်းချ နိုင်ခဲ့သည့် သက်သေများရှိခဲ့သည်။ ယခုမူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၀၃ က ဆန်တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၃၅၉ သန်းသာ တင်ပို့နိုင်တော့သည့်အခြေအနေရှိရာ ယခုက ရင်ကော့၊ ခေါင်းမော့ပန်းပန်ကာ ဟန်တစ်ခွဲသားနှင့် မာနကြီးစွာနေခဲ့သော မြန်မာ့ဆန်ပုံရိပ်သည် ကျဆင်းလုနီးပါးဖြစ်ခဲ့သည်။ သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စပါးနှင့် ကုန်သွယ်မှုပြုသူများ၏ လျင်မြန်စွာဖြင့် လက်ဦးမှုရယူဖြေရှင်းဆောင်ရွက်မှုများကြောင့် ယခုအခါ ပုံမှန်ဖြစ်သွားပြီး မြန်မာ့ဆန်များကို ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိရ၍ ဝမ်းသာရသည်။
မြှင့်တင်ရာရောက်
သို့သော် ပွဲပြီးမီးသေ သဘောမထားသင့်ပေ။ မျက်ခြည်မပျက်စောင့်ကြည့်၍ ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ အရည်အသွေးသတ်မှတ်ချက်များ၊ ကြုံတွေ့ရနိုင်သည့် အခက်အခဲများ၊ အလေးချိန်ကွာခြားချက်များ၊ သက်ဆိုင်ရာ နိုင်ငံများ၏လိုလားချက်များ၊ ဆန်တင်ပို့သော အခြားနိုင်ငံများ၏ယှဉ်ပြိုင်မှုများ စသည်တို့ကိုလေ့လာထားသင့်သည်။ သို့မှသာ နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားများကို မြှင့်တင်ရာရောက်သည်။ မိမိနိုင်ငံရှိလုပ်ငန်းရှင်များ၏ အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ပေးရာရောက်သည်။ မိမိနိုင်ငံဖွံ့ဖြိုးရေး၊ တိုးတက်ရေး၊ ခေတ်မီရေးအတွက် တစ်ဖက်တစ်လမ်းမှ အားပေးကူညီရာရောက်သည်။ မြန်မာ့ဆန်သည်ကမ္ဘာ့ဆန်ဈေးကွက်တွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းချိုသာသည်။ စေတနာထားဆောင်ရွက်ထားခြင်းကြောင့် ကမ္ဘာ့ဆန်စားသုံးသူများ တွက်ခြေကိုက်သည်။ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသည်။ ထို့ကြောင့်ပင် ကမ္ဘာ့ဆန်ဈေးကွက်တွင် မျက်နှာပန်းလှနေသည်။ အခြား နိုင်ငံများမှဆန်ထက် ဈေးနှုန်း သုံးချိုးတစ်ချိုးခန့်သာ ရှိသည်။ ထို့ကြောင့်ပင် မြန်မာ့ဆန်သည် ကမ္ဘာ့ဆန်ဈေးကွက်တွင် ကိုယ်ပိုင်အရည်အချင်းများဖြင့် ထာဝစဉ်ရပ်တည်နေမည်မှာ မလွဲဧကန်ဖြစ်ပေမည်။
ဆောင်ရွက်ထားသင့်
ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်၏ ကောင်းမွန်သောပုံရိပ်များ မကျဆင်းစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဆန်တင်ပို့မှုစနစ် ဖြစ်စေရေး၊ ဆန်စပါး သိုလှောင်ကြိတ်ခွဲမှုအရည်အသွေးပြည့်မီရေး၊ အလေအလွင့်နည်းပါးရေး၊ အလေးချိန်မှန်ကန်တိကျမှုရှိစေရေး၊ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ရေး၊ ပြည်ပသို့တင်ပို့ရာ တွင်လိုအပ်သည့်စနစ်နှင့် အဖွဲ့အစည်းများထားရှိနိုင်ရေး၊ အရည်အသွေး စစ်ဆေးအဖွဲ့များထားရှိရေး စသည်ဖြင့်နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ထားသင့်သည်။ မြန်မာ့ဆန်၏ စိုက်ပျိုး၊ ဝယ်ယူ၊ သယ်ဆောင်၊ သိုလှောင်၊ ကြိတ်ခွဲ၊ သယ်ယူဖြန့်ဖြူးရောင်းချ၊ ပြည်တွင်း၊ ပြည်ပ စားသုံးသူထံအရောက် လုပ်ငန်းစဉ်တိုင်း အရေးကြီးသည်။ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲစစ်ဆေးကိရိယာတွေ ရှိဖို့လိုသည်။ ထိုပစ္စည်းများကို ကိုင်တွယ်အသုံးပြုမည့် ကျွမ်းကျင်သူများလိုသည်။ တင်ပို့ရာတွင်လည်း မိမိဆန်၏ ကောင်းသောပုံရိပ်များကို ကာကွယ်ရန်လိုအပ်မည့် အချက်အလက်များပါဝင်အောင် စာချုပ်ချုပ်ဆိုရန်လိုသည်။ မိမိနိုင်ငံ၏ စစ်ဆေးလက်မှတ်များကို ဆန်တင်သွင်းမည့်နိုင်ငံများက အသိအမှတ်ပြုပေးရန် လိုသည်။ စိုက်ပျိုးချိန်မှ သင်္ဘောပေါ်ရောက်သည့်အဆင့်အထိသာမက ဆန်တင်သွင်းမည့်နိုင်ငံ ဆိပ်ကမ်းသို့ရောက်ချိန်အထိ အဆင့်တိုင်း၊ လုပ်ငန်းစဉ်တိုင်းတွင် စနစ်တကျရှိရန်လိုသည်။ နိုင်ငံတကာ ကုန်သွယ်ရေး အခေါ်အဝေါ်များ၊ အသုံးအနှုန်းများ၊ စည်းကမ်းသတ်မှတ်ချက်များကို ကျေကျေညက်ညက် သိရှိရန်လိုသည်။ သို့မှသာ ရေရှည်တည်တံ့ခိုင်မြဲသော ကုန်သွယ်မှုဖြစ်လာပေမည်။
ယေဘုယျအားဖြင့် ရောင်းသူသည် စာချုပ်တွင်ဖော်ပြထားသည့် လိုအပ်ချက်များအတိုင်း ပြုလုပ်ပေးရမည်။ ဝယ်သူသည် ကုန်ရောင်းစာချုပ်တွင် ဖော်ပြထားသည့်အတိုင်း ကုန်ဖိုးငွေကိုပေးချေရန် တာဝန်ရှိသည်။ ဤတွင်လူသားတို့၏ သဘောသဘာဝအတိုင်း ရောင်းသူနှင့် ဝယ်သူတို့သည် မသိစိတ်တွင် ကွဲပြားခြားနားကြသည်။ ရောင်းသူသည် အမြင့်ဆုံးဈေးနှုန်းဖြင့် ရောင်းချလိုသည်။ ရောင်းသူသည် နည်းလမ်းကုန်ဆုံးသည်အထိ အန္တရာယ်အနည်းဆုံး၊ အခက်အခဲအနည်းဆုံးနှင့် ရောင်းချလိုကြသည်။ ဝယ်သူများကလည်း ကုန်ကျစရိတ်အနည်းဆုံး၊ အနိမ့်ဆုံးဈေးနှုန်းနှင့်ဝယ်ယူပြီး အမြတ်များများရရှိရေးအတွက် ဝယ်သူအသစ်ကို ရောင်းချလိုကြသည်။ လောဘများ၊ အတ္တများကိုအခြေခံကာ ဆောင်ရွက်ကြသဖြင့် တစ်ခါ တစ်ရံတွင် တစ်ဖက်ဖက်၌ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိသည်။ အဆင်ပြေနေပါက မည်သို့မျှမဖြစ်သော်လည်း အခက်အခဲများ၊ နစ်နာဆုံးရှုံးမှုများဖြစ်လာပါကမှု ကုမ္ပဏီများလည်းမနေရ၊ အသင်းအဖွဲ့များလည်းမအားရ၊ ဝန်ကြီးဌာနများကလည်းဖြေရှင်းရ၊ အစိုးရကလည်း ညှိနှိုင်းပေးရဖြင့် အလုပ်များရှုပ်နေကြတော့သည်။ ခုရှင်းမှနောင်ရှင်းဆိုသလို သတ်မှတ်ထားသော ကုန်သွယ်ရေးစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
ကြိုတင်မြော်တွေးဆောင်ရွက်
ရောင်းသူနှင့် ဝယ်သူသည် ကုန်ပစ္စည်းကို ရောင်းဝယ်မှု၊ တစ်နည်းအားဖြင့် ကုန်သွယ်မှုမပြုမီကပင် အရောင်းအဝယ်ပြုမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အမျိုးအစား ကြိုတင်သတ်မှတ်ရမည်။ ထိုပစ္စည်းနှင့်ပတ်သက်၍ အရည်အသွေး၊ စံချိန်စံညွှန်း သတ်မှတ်သဘောတူရမည်။ မည်ရွေ့မည်မျှ ဝယ်ယူမည့်အရေအတွက်ကို ကြိုတင်ဆောင်ရွက်ရမည့်အပြင် တစ်ခါတည်းသယ်ယူမည်၊ ဘယ်နှကြိမ်သယ်ယူမည် စသည်ဖြင့်လည်း အသေးစိတ်သဘောတူရမည်။ ဈေးနှုန်းကိုလည်း ကြိုတင်သတ်မှတ်ရမည်။ ဈေးနှုန်းအပြောင်းအလဲကြောင့် ဝယ်ယူမှုပဋိညာဉ်ဖောက်ဖျက်ပါက မည်သို့ဖြေရှင်းမည် စသည့်နည်းလမ်းများကိုလည်း စဉ်းစားရမည်။ ငွေပေးချေရာတွင်လည်း ပြည်တွင်းသုံးငွေဖြင့်ရှင်းမည်၊ ပြည်ပသုံးငွေဖြင့်ရှင်းမည်၊ ဘဏ်မှတစ်ဆင့်ပေးချေမည် စသည်ဖြင့်အသေးစိတ် ဆောင်ရွက်ရမည်။ ကုန်ပစ္စည်းနှင့်ပတ်သက်၍ ထုတ်ပိုးမှုပုံစံ၊ ပါဝင်မည့်အမှတ်အသား စသည်တို့ကိုလည်း သဘောတူရမည်။ ကုန်ပစ္စည်းကိုစစ်ဆေးခြင်း၊ ကြိုတင်စစ်ဆေးခြင်းပြုရာတွင်လည်း ပြည်တွင်းရှိ အသိအမှတ်ပြုစမ်းသပ်စစ်ဆေးရေးအဖွဲ့ (သို့မဟုတ်) အခြားစစ်ဆေးရေးအဖွဲ့များ၏ ထောက်ခံချက်ပါဝင်ရမည်ဟု သဘောတူကြရမည်။ ကုန်ပစ္စည်းကို လွှဲပြောင်းရာတွင်လည်း မည်သည့်နည်းလမ်းကို အသုံးပြုမည်ဟု သဘောတူရမည်။ ကုန်ပစ္စည်း၏ သုံးစွဲမှုပြုနိုင်သည့် အချိန်ကာလ သတ်မှတ်ချက်၊ မမျှော်လင့်သော ဘေးအန္တရာယ်များကြောင့် သတ်မှတ်အချိန်ကာလထက် ဆောလျင်စွာ ပျက်စီးနိုင်သည့် အခြေအနေများဖြစ်ပါက ရောင်းသူနှင့်ဝယ်သူ နှစ်ဦးနှစ်ဖက် ဖြေရှင်းမည့်နည်းလမ်းများကိုကြိုတင် သဘောတူရမည် စသည်ဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ရှုပ်ထွေး၍ ကျယ်ပြန့်လှသည်။ စာချုပ်တွင်အဆိုပါ အချက်အလက်များနှင့် အခြားဆက်စပ်နိုင်သည့် ကိစ္စများအတွက်ပါ ကြိုတင်မြော်တွေးဆောင်ရွက်ကြရန် လွန်စွာအရေးကြီးပါသည်။ ကုန်သွယ်မှုလုပ်ငန်းများသည် ကျယ်ပြန့်ရှုပ်ထွေး လှသော်လည်း မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။ နိုင်ငံကြီးအချို့၏ ကုန်သွယ်ရေးစစ်ပွဲအသွင် ဆောင်ရွက်နေမှု၊ ကုန်သွယ်ဖက်နိုင်ငံအချို့၏ ကျင့်ဝတ်နှင့်မညီစွာ ဆောင်ရွက်နေမှု၊ နည်းပညာအားနည်းမှု၊ ကုန်သွယ်မှုပြုလျက်ရှိသော ပြည်တွင်းကုမ္ပဏီအချို့၏ လုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုများအားနည်းနေမှု၊ အရည်အသွေးစမ်းသပ်စစ်ဆေးသည့် အဖွဲ့အစည်းများနည်းပါးနေမှုစသည့် အားနည်းချက်များကြောင့် အခက်အခဲအချို့ ကြုံတွေ့ရလျက်ရှိသော်လည်း တဖြည်းဖြည်းပြုပြင်ကာ တွေ့ကြုံလာသည့်အခက်အခဲများကို ညှိနှိုင်းဆွေးနွေးအဖြေရှာရင်းဖြင့် ကျော်လွှားဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာတို့၏ စိတ်ရင်းအတိုင်း ဧည့်သည်ကိုဦးစားပေးမည်။ ဧည့်သည်၏ လိုလားချက်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်။ နည်းပညာအားနည်းမှုကိစ္စများကြောင့် အချို့သောကိစ္စများတွင် အခက်အခဲများကြုံတွေ့ရခြင်း၊ အရိုးခံစိတ်ထားဖြင့် ဆောင်ရွက်ပေးမှုများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံတွေ့ရလျက်ရှိသော်လည်း နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသော ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ မှန်ကန်တိကျစွာ ဆောင်ရွက်ပါက မြန်မာ့ ကုန်သွယ်မှုလုပ်ငန်းများသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်၊ ပညာရှင်၊ ဌာန၊ အစိုးရတို့မှ စဉ်ဆက်မပြတ် ပူးပေါင်းညှိနှိုင်း အဖြေရှာရင်း ပို့ကုန်ဦးဆောင်သော စီးပွားရေးစနစ်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဧည့်သည်များဖြစ်သည့် ပြည်တွင်း၊ ပြည်ပစားသုံးသူများ၏ လိုလားချက်၊ တောင်းဆိုချက်များကို စေတနာထားဆာင်ရွက်ပေးရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
နိုင်ဦး(DOCA)