ပေါင် ၂၅ ဧပြီ၊
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းတွင် ဧပြီလ ၃၀ ရက်နောက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာမည့် လူဦးရေ (၅၀၀)ကို Quarantine ထားရန်အတွက် နေရာလေးနေရာ စီစဉ်ပေးထားတယ်လို့ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“လောလောဆယ်ဆယ်တော့ ပေါင်မြို့နယ်မှာဆိုလို့ရှိရင် ဧပြီလ ၃၀ ရက်နောက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာမယ့် သူတွေအတွက် နေရာ လေးနေရာ စီစဉ်ပေးထားတယ်၊ အဲဒီနေရာ လေးနေရာမှာ လူဦးရေ(၅၀၀)နေထိုင်ဖို့ စီစဉ်ပေးထားတယ်။ နောက်ပြီးတော့ ဒီ အ.ထ.က ပေါင်ကျောင်းမှာ က လူဦးရေ(၂၀၀)နဲ့ ကျန်တဲ့ ကျောင်းသုံးကျောင်းမှာတော့ လူဦးရေ(၁၀၀)စီစဉ်ပေးထားပါတယ်။ လာမယ်ဆိုလို့ရှိရင် သူတို့နေဖို့ထိုင်ဖို့ရယ်၊ အိပ်ယာအိပ်ခင်းတွေရယ် စီစဉ်ပေးနေပါတယ်။” ပေါင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးကိုကိုက ဆိုပါတယ်။
ဒါ့အပြင် မြို့နယ်မှာရှိတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက တစ်ကျောင်းစီတာဝန်ယူပြီး ပိုးသတ်ဆေးဖြန်းပေးနေတယ်လို့ဟု ဦးမျိုးကိုကိုက ဆက်လက်ပြောပါသည်။
“ပိုးသတ်ဆေးဖျန်းတဲ့ နေရာမှာဆိုရင်လည်း ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေရယ်၊ နောက်မြို့နယ် မီးသတ်တပ်ဖွဲ့တွေရယ်၊ အဲဒီအဖွဲ့တွေကို ကျောင်းအလိုက် တာဝန်ပေးပြီးတော့ ဘယ်ကျောင်းမှာဆိုရင် ဘယ်အဖွဲ့ပေါ့၊ တစ်ဖွဲ့ကို တစ်ကျောင်းနှုန်းနဲ့ လိုက်ဖျန်းပေးနေပါတယ်၊ ဒီနေ့ ၂၅ ရက်နေ့က စပြီး လိုက်ဖြန်းနေတာပေါ့၊” ဟု ၎င်းက ပြောသည်။
ပေါင်မြို့နယ် မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းဥက္ကဌ ဦးမင်းမင်းဦးကတော့ Quarantine ထားဖို့နေရာတွေမှာ ပိုးသတ်ဆေး ဖြန်းပေးခြင်းလုပ်ငန်းအပြင် သန့်ရှင်းရေးက အစပြုလုပ်ပေးတယ် လို့ဆိုပါတယ်။
“ ပြည်တော်ပြန်တွေ Quarantine ထားရန်အတွက် ပိုးသတ်ဆေးဖြန်းတယ်၊ သန့်ရှင်းရေးလုပ် တယ်ပေါ့၊ စာသင်ခန်းတစ်ခန်းကို လူ ၆ ယောက်ထားဖို့ စီစဉ်ထားတယ်၊ လူ ၂၀၀ ထားဖို့အတွက်ကို ဒီမှာ ဆေးလာဖြန်းတယ်။ အခန်း၃၆ ခန်းပေါ့။ ပေါင်မြို့နယ် မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းဥက္ကဌ ဦးမင်းမင်းဦးက ပြောပါတယ်။
ပေါင်မြို့နယ်တွင် ပြည်တော်ပြန်များအတွက် အ.ထ.ကပေါင်ကျောင်းတွင် လူဦးရေ(၂၀၀)၊ အ.ထ.က ခွဲကဒါမင်းတန်း၊ အ.ထ.ကပေါင်(ကျွဲခြံ)၊ အ.ထ.ကဇင်းကျိုက်ကျောင်းတို့တွင် လူဦးရေ(၁၀၀)စီ နေထိုင်နိုင်အောင် စီစဉ်ပေးထားပြီး မွန်ပြည်နယ်တစ်နယ်လုံးမှာတော့ ပြန်လည်ရောက်ရှိလာသူ (၁၀၀၀၀)ခန့်ကို Quarantine ထားရန်အတွက် ဧပြီလ ၃၀ ရက်မတိုင်မီ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။
ကိုဟိန်း(ပေါင်)


