မကွေး မတ် ၁၃

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏တင်ပြချက်အရ ဧပြီလကုန်မှစ၍ အပတ်စဉ်အင်္ဂါနေ့တိုင်း ရန်ကုန် - မကွေး -ရန်ကုန် လေယာဉ်ခရီးစဉ်များ ပြန်လည်စမ်းသပ်ပြေးဆွဲရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုထံမှ သိရသည်။

 

မကွေးလေဆိပ်၌ တစ်ပတ်လျှင်နှစ်ကြိမ် (တနင်္လာနေ့နှင့် သောကြာနေ့များတွင်) လေယာဉ်ခရီးစဉ် ပြေးဆွဲပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဇန်နဝါရီ ၉ ရက်က တင်ပြခဲ့ပြီးနောက်ပိုင်း အဖြေတစ်ခုထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ယင်းခရီးစဉ်သည် ခရီးသည်ရနိုင်မှုနည်းပါးပြီး ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု မကာမိနိုင်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြမှုအရ ဧပြီလကုန်မှစ၍ အပတ်စဉ်အင်္ဂါနေ့တိုင်း Caravan အမျိုးအစားလေယာဉ်ဖြင့် ရန်ကုန်-မကွေးခရီးစဉ်ကို နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ လည်းကောင်း၊ မကွေး-ရန်ကုန် ခရီးစဉ်ကို နံနက် ၁၀ နာရီ မှ ၁၁ နာရီခွဲအထိ လည်းကောင်း စတင်စမ်းသပ်ပြေးဆွဲရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သိရသည်။

 

မကွေးလေဆိပ်မှာ အကျယ်အဝန်း ၈၁၈ ဒသမ ၈၂ ဧက ပေါ်တွင်တည်ရှိပြီး ၂၀ဝ၃ခုနှစ် ဇွန် ၆ ရက်က စတင်ဖွင့်လှစ်ခဲ့သော ကာလအနည်းငယ်သာ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ပြေးဆွဲနိုင်ခဲ့ပြီး ၂၀ဝ၆ ခုနှစ် နောက်ပိုင်းမှစ၍ ခရီးသည်တင်လေယာဉ်များ ဆင်းသက်မှုမရှိတော့ကြောင်း၊ မကွေးလေဆိပ်၌ လေဆိပ်တွင်း အဆောက်အအုံ မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်ထားပြီး လေယာဉ်များ ဆင်းသက်လိုပါက ညအချိန်များတွင်ပါ ဆင်းသက်နိုင်အောင် ဆောင်ရွက်ထားရှိကြောင်း၊ လေယာဉ်ကွင်းပါကင်မှာ ပေ ၄၀ဝ ပတ်လည်ရှိသောကြောင့် လေယာဉ်ခြောက်စင်း ဝင်ဆံ့ကာ အဆင်းအတက်ပြုလုပ်နိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(မကွေး)မှ သိရသည်။

 

ဇေယျတု(မကွေး)