ဧပြီ ၂၅
အိန္ဒိယနိုင်ငံသည် ဧပြီလတွင် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂခန့်မှန်းချက်အရ သိရသည်။
ဧပြီလကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏လူဦးရေသည် ၁၄၂၅၇၇၅၈၅၀ ဖြစ်လာမည်ဟုမျှော်လင့်ရပြီး ကမ္ဘာ့နိုင်ငံများအနက် လူဦးရေအများဆုံးနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးရာဌာန (ဒီအီးအက်စ်အေ )က ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါခန့်မှန်းချက်သည် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာလူဦးရေခန့်မှန်းတွက်ချက်မှု နောက်ဆုံးရလဒ်အပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၏လူဦးရေသည် ဆယ်စုနှစ်ပေါင်းများစွာကြာ ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ကုလဌာနကဆိုသည်။
၂၀၂၃ နှင့် ၂၀၅၀ နှစ်များအကြားတွင် အသက် ၆၅ နှစ်နှင့်အထက်အရွယ်ရှိသူများသည် နှစ်ဆပိုမိုများပြားလာမည်ဟု မျှော်မှန်းထားသည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေး အစီအစဉ် နှောင့်နှေးခဲ့ရပြီး ၂၀၂၄ ခုနှစ်အတွက် ယခုအခါတွင် စီစဉ်ထားပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို