မန္တလေး ၈ ဇူလိုင်
ဧရာတီလင်းပိုင် ထိန်းသိမ်းကာကွယ်ရေးအတွက် Natural Green Alliance (သဘာဝစိမ်းအဖွဲ့)မှ မန္တလေးနှင့် ဗန်းမော်ကြား လင်းပိုင်ထိန်းသိမ်းရေးဇုန်အတွင်းရှိ ကျေးရွာများမှ ဒေသခံကလေးငယ်များအား လင်းပိုင်အရုပ်များ ဝေငှကာ အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေး လှုပ်ရှားမှုအစီအစဉ်ကို Covid-19 ကာကွယ်တားဆီးရေးအတွက် ကန့်သတ်မှုများ ဖြေလျော့ခွင့်ပြုသည့်ကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့မှ အလှူရှင်တစ်ဦး၏ လှူဒါန်းမှုဖြင့် လင်းပိုင်အရုပ် စုစုပေါင်း ၂၀၀ ကျော်ကို ကလေးငယ်များအား ဝေငှပေးအပ်သွားမည်ဖြစ်ကြောင်း Natural Green Alliance (သဘာဝစိမ်းအဖွဲ့) ဦးဆောင်သူ ဦးမောင်မောင်ဦးက ပြောသည်။
“ဧရာဝတီလင်းပိုင်တွေဟာ နိုင်ငံရဲ့ သက်ရှိသယံဇာတ ဖြစ်တဲ့အတွက် ထိန်းသိမ်းကာကွယ်ရမယ်ဆိုတဲ့ အသိတွေကို ကလေးငယ်တွေဆီကို ရောက်ရှိသွားစေဖို့ မျှော်လင့်ပြီး အရေးကြီးတဲ့ ပထမထိန်းသိမ်းရေးဇုန်ထဲက လက်ပစ်ကွန် ရေလုပ်သားတွေရဲ့ သားသမီးကလေးငယ်တွေဆီကိုသွားပြီး အသိပညာပေးရင်း ဒီအရုပ်လေးတွေကို ဝေငှပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါအစီအစဉ်အတွက် လင်းပိုင်အရုပ်များ လှူဒါန်းပေးသည့် မန္တလေးမြို့မှ အလှူရှင် ဦးစိန်ဝင်း (မောင်စိန်ဝင်းနှင့် ညီများ ကုမ္ပဏီ)ကလည်း “အသိပညာပေးအစီအစဉ်မှာ ကလေးငယ်တွေကို ဒီလို လင်းပိုင်အရုပ်ကလေးတွေ ဝေငှပေးလိုက်ခြင်းအားဖြင့် အရုပ်တွေကို မြင်တွေ့ပြီး လင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ရမယ်ဆိုတဲ့ အသိတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပြီး လှူဒါန်းဖြစ်တာပါ။ အရုပ် ၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၃၀ ကျော် ကုန်ကျမှုရှိပါတယ်။ ဧရာ၀တီလင်းပိုင်ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် တန်ဖိုးဖြတ်မရတဲ့ သက်ရှိ သယံဇာတတစ်ခုဖြစ်လို့ ဒါကို ထိန်းသိမ်းဖို့က ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်” ဟု ပြောသည်။
ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်အတွင်း၌ ဧရာဝတီလင်းပိုင် အကောင်ရေမှာ ၂၀၂၀ ပြည့်နှစ်အတွင်း၌ လက်ရှိစာရင်းများအရ ၇၆ ကောင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


