မန္တလေး ၃၀ ဒီဇင်ဘာ
မြန်မာ့ရှားပါးမျိုးစိတ်များဖြစ်သည့် ဧရာ၀တီလင်းပိုင်များအား တိုင်းဒေသကြီးအဆင့် ထိန်းသိမ်း စောင့်ရှောက်ခွင့် ရရှိနိုင်ရေးအတွက် လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် လင်းပိုင်လေ့လာတွေ့ရှိချက် အစီရင်ခံစာရေးဆွဲလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီဥက္ကဌ ဦးအေးခိုင်က ပြောကြားသည်။
ဧရာ၀တီလင်းပိုင်များ ကျက်စားရာ မင်းကွန်း၊ ကျောက်မြောင်း၊ ထီးချိုင့်၊ ကသာနှင့် ရွှေကူမြို့များတွင် ထိန်းသိမ်းရေး ဧရိယာဇုန်များအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် ဒေသခံပြည်သူများ ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး လက်ရှိတွင် ဧရာ၀တီလင်းပိုင်အကောင်ရေမှာ မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) စစ်တမ်း များအရ ၇၂ ကောင်သာ ကျန်ရှိနေသဖြင့် အဆိုပါအကောင်ရေများ လျော့နည်းပျောက်ကွယ်မှု မရှိစေရေးနှင့် ပေါက်ဖွားမှုနှုန်း တိုးတက်စေရန်အတွက် တိုင်းဒေသကြီးအဆင့် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် အစီအရင်ခံစာ တစ်စောင် ရေးဆွဲလျက်ရှိကြောင်း သိရသည်။
“ဒီလင်းပိုင်တွေ ထိန်းသိမ်းရေးက ပြည်သူအားလုံးနဲ့သက်ဆိုင်ပါတယ်။ ဒါကြောင့် လက်ရှိ လင်းပိုင်တွေရဲ့ တွေ့ရှိချက်ကို လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနဲ့ လင်းပိုင်အရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး လင်းပိုင်ထိန်းသိမ်းရေး အစီရင်ခံစာကို ရေးဆွဲလျက်ရှိပါတယ်။ ဒီအစီရင်ခံစာကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌထံကို တိုက်ရိုက်တင်ပြသွားမယ်။ အဲဒီကတစ်ဆင့် လွှတ်တော်မှာ ဆွေးနွေးနိုင်အောင် ဆောင်ရွက်သွားမယ် ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ လင်းပိုင်မျိုးစိတ်များအား လေ့လာတွေ့ရှိချက်များအရ မင်းကွန်းနှင့် ကျောက်မြောင်း ဧရိယာကြားရှိ လင်းပိုင်များမှာ ဉာဏ်ရည်ပိုမြင့်ပြီး လက်ပစ်ကွန် ရေလုပ်သားနှင့် အကျိုးတူ ပူးပေါင်း၍ ငါးဖမ်းသည့် ဓလေ့ကို ပိုမိုလုပ်ဆောင်နိုင်ကြောင်းနှင့် အဆိုပါလင်းပိုင်များအား ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကို ယခုအချိန်တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု ပိုမိုများပြားလာသည့်အတွက် အားရကျေနပ်မှုရှိသော်လည်း လင်းပိုင်ထိခိုက်မှုအနေဖြင့် သိသာစွာ လျော့ကျမှုမရှိသေးသဖြင့် ထိန်းသိမ်းမှုလုပ်ငန်းများအား ရေရှည်ဆောင်ရွက်သွားရန် လိုအပ်နေသေးကြောင်း သဘာဝ စိမ်းရောင်စုံအဖွဲ့ဥက္ကဌ ဦးမောင်မောင်ဦးက ပြောသည်။
''အစီရင်ခံစာထဲမှာ အဓိကအနေနဲ့ လင်းပိုင်တွေရဲ့ နေထိုင်ကျက်စားမှုဘဝတွေနဲ့ ပေါက်ဖွားမှုကျဆင်းနေတဲ့အပေါ်မှာ အခြေခံ ပြီးတော့ အစီရင်ခံစာမှာ ထည့်သွင်းသွားမှာပါ။ ဒါအပြင် ရှားပါးလင်းပိုင်မျိုးစိတ်ကျက်စားရာ မြစ်သယံဇာတအရည်အသွေးကလည်း ကျဆင်းနေတဲ့အတွက် လင်းပိုင်တွေနဲ့အတူ မြစ်အရည်အသွေးကိုလည်း ထိန်းသိမ်းဖို့လိုအပ်နေတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပါဝင်ဆောင်ရွက်ပေးနိုင်ဖို့ အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဧရာဝတီလင်းပိုင်များ သေဆုံးမှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ၄ ကောင်၊ ၂၀၁၁ ခုနှစ်တွင် ၃ ကောင်၊ ၂၀၁၂ ခုနှစ်တွင် ၄ ကောင်၊ ၂၀၁၃ ခုနှစ်တွင် ၅ ကောင်၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၃ ကောင်စီ၊ ၂၀၁၈ ခုနှစ်တွင် ၆ ကောင်၊ ၂၀၁၉ ခုနှစ်တွင် ၂ ကောင် သေဆုံးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)