ပုသိမ် ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ငှက်ပျောပင်အများအပြား စိုက်ပျိုးလျက်ရှိသော တိုင်းဒေသဖြစ်သည်နှင့် လျော်ညီစွာ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ငှက်ပျောပင် ပင်စည်မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးထံမှ သိရသည်။

ငှက်ပျောပင်မှ အသီးကိုစားသုံးပြီး စွန့်ပစ်ပစ္စည်းဖြစ်သည့် ပင်စည်ကို အသုံးပြုကာ စျေးကွက်ဝင်တန်ဖိုးမြင့် ကုန်စည်များအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သွားရန်နှင့် ပင်စည်မှရရှိမည့် အမျှင်များဖြင့် ငှက်ပျောချည်မျှင်ဖြင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်၊ လက်ကိုင်အိတ်၊ ဖိနပ်နှင့် စက္ကူ စသော လူ့အသုံးအဆောင်ပစ္စည်းများအပြင် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းဖြစ်သော Mask များကိုပါ ထုတ်လုပ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငှက်ပျောချည်မျှင်ကို အသုံးပြုကာ လက်မှုပညာဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချသွားနိုင်ရေးအတွက်  လက်မှုထည်ထုတ်လုပ်ခြင်းကို စီမံကိန်းချမှတ်ကာ ၂၀၂၁-၂၀၂၂  ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုဦးစီးဌာနရုံးတွင် စိတ်ပါဝင်စားသူများအား သင်တန်းများခေါ်ယူ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပုသိမ်)